၂၀၅၄ ခုနှစ်မှာ အမေရိကန်ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ မှုခင်းကြိုတင်တားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဖို့ ကြိုးစားနေပါတယ်။ ဒီအဖွဲ့က လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်တားဆီးပေးတဲ့ အထူးရဲတပ်ဖွဲ့ပါ။ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေဖြစ်တဲ့ precogs တွေက မှုခင်းဖြစ်မယ့် နေရာ၊ အချိန်နဲ့ ပါဝင်မယ့်လူတွေကို အတိအကျ ဟောကိန်းထုတ်ပေးတယ်။ အဲဒီအချက်အလက်တွေအတိုင်း precops လို့ခေါ်တဲ့ အထူးရဲတွေက အချိန်မီ သွားရောက်ဝန်းရံပြီး တားဆီးကြတာပါ။ အထူးရဲအဖွဲ့မှူး ဂျွန်အန်ဒါတန်ဟာ အိမ်ထောင်ကွဲထားပြီး မကြာသေးခင်က သားဖြစ်သူ ပျောက်ဆုံးသွားခဲ့သူပါ။ တာဝန်နဲ့ စစ်ဆင်ရေးတွေမှာ ကျေပွန်ပေမယ့် သားပျောက်သွားတဲ့ စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေပါတယ်။ သူ့နေရာမှာ တွမ်ခရုစ်က သရုပ်ဆောင်ထားတယ်။ Precrime ဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်နေဆဲဖြစ်လို့ နိုင်ငံတော်အဆင့် တရားဝင်ဖွဲ့စည်းနိုင်ရေးအတွက် ဖယ်ဒရယ်အရာရှိတွေရဲ့ စစ်ဆေးမှုကို ခံနေရပါတယ်။ အထူးတာဝန်နဲ့ ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်း မာန်တကြွကြွရှိသူမို့ အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့လာတယ်။ တစ်နေ့မှာ လူသတ်မှုတစ်ခုကို တားဆီးဖို့ precogs တွေ ခန့်မှန်းပေးလိုက်တဲ့ လူသတ်သမားအမည်ပါ ဘောလုံးအနီကို အန်ဒါတန် ကြည့်လိုက်မိပါတယ်။ အဲဒီအပေါ်မှာ ရေးထားတာက သူ့နာမည်ဖြစ်နေတာပါ။ Precrime ရဲ့ဟာကွက်ကို စောင့်ကြည့်နေပြီး သူ့ကိုလည်း မကြည်တဲ့ ဝစ်တ်ဝါက ထောင်ချောက်ဆင်တာလို့ အန်ဒါတန် သံသယဝင်လာကာ ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ ဟောကိန်းထဲကအတိုင်း အန်ဒါတန် တကယ်လူသတ်မိမှာလား။ ပြီးပြည့်စုံတယ်လို့ ယူဆထားတဲ့ Precrime မှာ ဘယ်လိုအားနည်းချက်တွေ ရှိနေနိုင်သလဲ။ ဝစ်တ်ဝါကရော သူ့ကို တကယ်ပဲ ထောင်ချောက်ဆင်ထားတာလား။ စတီဗင်စပီးဘာ့ဂ် ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုဇာတ်ကားက ဒီမေးခွန်းတွေနဲ့အတူ မှုခင်းတစ်ခုကို လိုက်လံဖော်ထုတ်ထားပါတယ်။
ဇာတ်ကားကြည့်ရန်