ပြင်သစ်နိုင်ငံ ပါရီမြို့က လူးဝ်ပြတိုက်မှာ ညသန်းခေါင်အချိန် ပြတိုက်မှူး အသတ်ခံရပါတယ်။ မသေခင် သူချန်ထားခဲ့တဲ့ သင်္ကေတနဲ့ စာသားတွေထဲမှာ လူနာမည်တစ်ခု ပါနေတယ်။ အဲဒီနာမည်က ဟားဗဒ်တက္ကသိုလ်က သင်္ကေတဗေဒပညာရှင် လန်ဂ်ဒန်ပါ။ ပြတိုက်မှူးဟာ အဲဒီညက လန်ဂ်ဒန်နဲ့ ညစာစားဖို့ စီစဉ်ထားသူလည်း ဖြစ်နေပါတယ်။ ပြင်သစ်ရဲတွေက အကူအညီတောင်းချင်လို့ဆိုပြီး လန်ဂ်ဒန်ကို ပြတိုက်ဆီ ခေါ်လာကြတယ်။ အထဲရောက်တော့ ပြတိုက်ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက်ဆန့်တန်းထားတဲ့ ပြတိုက်မှူးရဲ့ ကိုယ်လုံးတီးအလောင်းကို တွေ့လိုက်ရပါတယ်။ ဝမ်းဗိုက်ပေါ်မှာ သွေးနဲ့ဆွဲထားတဲ့ ငါးထောင့်ကြယ်ပုံတစ်ခု ရှိနေပြီး လက်ညှိုးတစ်ဖက်မှာလည်း သွေးတွေပေနေတယ်။ ဒဏ်ရာကထွက်တဲ့ သွေးကိုယူပြီး သူကိုယ်တိုင် ဆွဲထားခဲ့ပုံပါပဲ။ နောက်လက်တစ်ဖက်မှာတော့ မာကာတံတစ်ချောင်းကို ဆုပ်ထားပါတယ်။ လန်ဂ်ဒန်က ကြမ်းပြင်ကို မီးထိုးကြည့်လိုက်တဲ့အခါ နောက်ထပ်စာသားတွေ ပေါ်လာတယ်။ “13-3-2-21-1-1-8-5” ဆိုတဲ့ ကိန်းဂဏန်းတန်းနဲ့အတူ “O, Draconian Devil”၊ “Oh, Lame Saint” ဆိုတဲ့ စာသားနှစ်ကြောင်းပါ။ ကိန်းဂဏန်းတွေက ဖီဘိုနာချီကိန်းစဉ်နဲ့ ဆက်နွယ်နေပြီး စာသားတွေကတော့ အက္ခရာတွေကို နေရာပြောင်းစီထားတဲ့ လျှို့ဝှက်စာတွေ ဖြစ်နေပါတယ်။ လန်ဂ်ဒန် ဖြည်ဖော်လိုက်တဲ့အခါ “Leonardo Da Vinci” နဲ့ “The Mona Lisa” ဆိုတဲ့ အမည်တွေ ထွက်လာတယ်။ လူသတ်မှုတစ်ခုရဲ့ သဲလွန်စကနေ ဒါဗင်ချီနဲ့ မိုနာလီဇာပန်းချီဆီ ရောက်လာတာပါ။ အဲဒီကတစ်ဆင့် Holy Grail အကြောင်းပါ ဆက်ပေါ်လာပါတယ်။ ယေရှုခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲမှာ အသုံးပြုခဲ့ပြီး ကားစင်တင်ခံရချိန်မှာ ကျလာတဲ့သွေးကို ခံယူခဲ့တယ်လို့ ဆိုကြတဲ့ ခွက်နဲ့ပတ်သက်တဲ့ အကြောင်းပါ။ ဝတ္ထုထဲမှာတော့ ဂျေရုစလင်မြို့ကို ကာကွယ်ဖို့ ဖွဲ့ထားတယ်ဆိုတဲ့ သူရဲကောင်းအဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အဲဒီခွက်ကို ရှာဖို့ဖြစ်တယ်လို့ ပုံဖော်ထားပါတယ်။ Holy Grail က ပြတိုက်မှူးအသတ်ခံရမှုနဲ့ ဘယ်လိုပတ်သက်နေသလဲ၊ လွန်ခဲ့တဲ့ ရာစုနှစ်တွေက ဒါဗင်ချီနဲ့ လက်ရှိ လန်ဂ်ဒန်တို့ကရော ဒီအမှုမှာ ဘယ်လိုဆက်နွယ်နေကြသလဲဆိုတဲ့ မေးခွန်းတွေ ဆက်ပေါ်လာတော့တယ်။ ဒီရုပ်ရှင်က ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dan Brown ရဲ့ The Da Vinci Code ဝတ္ထုကို ပြန်ရိုက်ထားတာဖြစ်ပြီး လန်ဂ်ဒန်အဖြစ် Tom Hanks က သရုပ်ဆောင်ထားပါတယ်။ သမိုင်း၊ အနုပညာလက်ရာတွေ၊ လျှို့ဝှက်အဖွဲ့အစည်းနဲ့ ရတနာရှာဖွေမှုတို့ကို ဆက်စပ်ရေးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။ မူရင်းအညွှန်းမှာတော့ စာအုပ်ရဲ့အရသာကို ထိန်းထားနိုင်ပြီး ဇာတ်ဝင်ခန်းတချို့က စာအုပ်ထက်တောင် ပိုမှောင်မိုက်လေးလံတယ်လို့ သုံးသပ်ထားပါတယ်။
ဇာတ်ကားကြည့်ရန်