Every Thing Will Be Fine (2015) IMDb Rating (5.5) / Rotten Tomatoes (28%) Wim Wendersကိုတော့ အထူးတလည် မိတ်ဆက်နေစရာမလိုတော့ဘူး ထင်ပါတယ်။ Wings of Desireတို့ Paris, Texasတို့ Perfect Daysတို့နဲ့ သိကြမှာပဲ။ ဆိုပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့အနေနဲ့ Ratingတော်တော်မကောင်းဘူး။ ရုပ်ရှင်က မကောင်းတာတော့ မဟုတ်ဘူး။ ကောင်းတာထက်ကို ပိုတာ။ Ratingဆိုတာတွေကလည်း သူ့အကန့်အသတ်နဲ့သူပဲ ယုံလို့ရတဲ့အရာတွေပဲဆိုတော့ တချို့ရုပ်ရှင်တွေမှာ ခေါက်ကိုခေါက်ထားရမှာပါပဲ။ ဇာတ်လမ်းကတော့ ဇာတ်အိမ်အသားပေးထက် ကာရိုက်တာ အသားပေး။ ဒါကိုမှ ကာရိုက်တာက လူတိုင်းနဲ့ထိဟပ်မယ့် ကာရိုက်တာ မဟုတ်နေဘူး။ ဒီတော့ ခုန Ratingနည်းတာက ဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ဘူး။ ဇာတ်ကောင်က စာရေးဆရာ။ တစ်နေ့မှာ ဇာတ်ကောင်က ကလေးလေးတစ်ယောက်ကို ကားနဲ့ကြိတ်မိသွားတယ်။ ဒီမတော်တဆမှုက ရုပ်ရှင်တစ်ခုလုံးကို လွှမ်းသွားတယ်။ ဆိုပေမဲ့ ပုံမှန်လွှမ်းနည်းမျိုးတော့ မဟုတ်ဘူး။ ဘာပြဿနာမှမရှိသွားဘဲနဲ့ကို ဇာတ်ကောင်ရဲ့ခံစားချက်အပေါ် လွှမ်းနေတာ။ ဇာတ်ကောင်က ဘယ်လိုလူမျိုးလဲဆိုတာကို ဒီအဖြစ်ကိုပဲ အသုံးချပြီး ပြသွားတယ်။ ဇာတ်ကောင်က အဖြစ်ဆိုးတွေပေါ် တုန်လှုပ်မှု သိပ်မရှိဘူး။ ခံစားချက် သိပ်မရှိတဲ့လူလို့ စွပ်စွဲရင်လည်း ရနေမှာပဲ။ ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ ပြင်မရတဲ့ပြဿနာတွေအပေါ် ခံစားချက်မထားတဲ့လူတွေက ရှိကိုရှိတယ်။ ပမာဏအားဖြင့်နဲ့တော့ ကွာမှာပေါ့။ ဒါပေမဲ့ ဇာတ်ကောင်က ခုန ကလေးကိုကားနဲ့တိုက်မိတာကိုတောင် ကြာလာတော့ သိပ်မထားတော့သလိုပဲ။ ခံစားချက် ထားတဲ့ကိစ္စလည်း ထားပြီး မထားတဲ့ကိစ္စလည်း မထားတဲ့ ပုံစံမျိုးပဲ။ သူ့ခံယူချက်ကိုက Everything will be Fine ဖြစ်နေတာနဲ့လည်း ဆိုင်လိမ့်မယ်။ ဇာတ်က တမင်ကြီးလုပ်ယူထားတယ်လို့ ထင်ကောင်းထင်ရနိုင်တယ်။ ပြဿနာတွေကရှိနေပြီး တုံ့ပြန်မှုတွေက အေးစက်နေတဲ့ ဇာတ်မျိုးဖြစ်နေတာကိုး။ ဒါပေမဲ့ Wim Wendersနဲ့ပတ်သက်ရင် အားလုံးပြောကြတဲ့စကားရှိတယ်။ အရိုးသားဆုံးရိုက်တဲ့လူဆိုတဲ့ စကားပေါ့။ မမှားပါဘူး။ ကြုံသင့်သလောက်ကြုံပြီးတဲ့လူတွေကတော့ ဒီအခြေအနေကို ဒီရုပ်ရှင်မှာ တင်ဆက်သွားတာဟာ အစစ်အမှန်နဲ့ နီးစပ်တာကို မြင်မိမယ်ထင်တာပဲ။ သရုပ်ဆောင်တွေက James Francoတို့ Rachel McAdamsတို့ဆိုပေမဲ့ သူတို့ဆီမြင်နေကျတွေနဲ့ ဒီရုပ်ရှင်က နီးတောင် မနီးစပ်ဘူး။Rachel McAdamsနဲ့ Charlotte Gainsbourgတို့ကတော့ ဒီရုပ်ရှင်ထဲ တော်တော်လေး အသက်ဝင်ပါတယ်။ Wim Wendersရုပ်ရှင်တိုင်းမှာ တူညီတဲ့တစ်ချက်က သီချင်းတွေပါပဲ။ Wim Wendersဟာ သီချင်းတွေကို တော်တော်ချစ်တဲ့ ဒါရိုက်တာတစ်ယောက်လည်း ဟုတ်တယ်။ သူ့ရုပ်ရှင်တွေမှာ သူကြိုက်တဲ့အဆိုတော်တွေရဲ့ သူကြိုက်တဲ့သီချင်းတွေကို သူကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ထည့်သွင်းတာများတယ်။ သံစဉ်သက်သက် သီချင်းတွေကိုလည်း ထည့်သုံးတတ်တယ်။ သူ့ရုပ်ရှင်တွေမှာ သီချင်းတွေအပေါ် သူ့ချစ်စိတ်က ပေါ်လွင်နေသလို သူစုဆောင်းထားတဲ့ သီချင်းခွေပေါင်းလည်း ၂သောင်းကျော်ရှိခဲ့တယ်။ ဂီတနဲ့ပတ်သက်တဲ့ ရုပ်ရှင်တွေလည်း သူရိုက်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်မှာ မြစ်ကြီးကို ကြည့်ပြီး ငိုနေတဲ့ လူတွေပါတယ်။ အဖြစ်တစ်ခုအတွက် အကြိုက်ဆုံး စာအုပ်ကို မီးလင်းဖိုထဲ မီးရှိ့ပစ်တဲ့လူတွေပါတယ်။ နာလန်ပြန်ထူနိုင်ဖို့ နှစ်တွေ အများကြီး ကြာခဲ့တယ်ဆိုတဲ့ လူတွေလည်းပါတယ်။ အေးစက်လိုက် နွေးထွေးလိုက် တစ်လှည့်စီ ဖြစ်နေတဲ့လူတစ်ယောက်လည်းပါတယ်။ ခံစားချက်တွေရဲ့ အလုပ်လုပ်ပုံအကြောင်းလို့ပဲ လွယ်လွယ်ပြောလည်း ရပါတယ်။ File size… (1.2 GB) / (760 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:54:21 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်