နစ်ဒန်းအတွက် အဲဒီနေ့ဟာ သာမန်မနက်ခင်းတစ်ခုလိုပဲ စခဲ့ပါတယ်။ အိမ်ရှေ့မှာ အမှိုက်ပုံးထုတ်ထားပြီး သူ့ညီမနဲ့အတူ ဖွင့်ထားတဲ့ The Bar ဆီ သွားတယ်။ အဲဒီနေ့က သူနဲ့ဇနီးအေမီတို့ရဲ့ ငါးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ အေမီက ပဟေဠိတွေဖြေပြီး လိုက်ရှာမှရမယ့် လက်ဆောင်တစ်ခု ပြင်ဆင်ထားတဲ့အကြောင်း ညီမနဲ့ စကားပြောပြီး နစ် အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ထဲရောက်တော့ တိတ်ဆိတ်နေပြီး ဧည့်ခန်းက မှန်စားပွဲဟာ ကွဲလျက် လဲနေတယ်။ ကျန်တဲ့နေရာတွေက သပ်သပ်ရပ်ရပ်ရှိပေမယ့် တစ်အိမ်လုံး လိုက်ရှာတာတောင် အေမီကို မတွေ့ပါဘူး။ နစ်က ရဲကို အကြောင်းကြားလိုက်ပြီး စုံထောက်အမျိုးသမီးတစ်ယောက်နဲ့ သူ့တွဲဖက်တို့ ရောက်လာကြပါတယ်။ သွေးစ၊ မှန်ကွဲစတွေနဲ့ တိုက်လက်စမီးပူ၊ အဝတ်အစားတွေကို စစ်ဆေးရင်း အေမီပျောက်ဆုံးမှုကို စတင်စုံစမ်းကြတော့တယ်။ နစ်ကတော့ အစပိုင်းမှာ အခြေအနေကို ပေါ့ပေါ့ပါးပါးပဲ သဘောထားနေသေးတယ်။ ရဲစခန်းမှာတောင် Law & Order ထဲက ဇာတ်ဝင်ခန်းနဲ့တူတယ်ဆိုပြီး နောက်ပြောင်လိုက်သေးတာပါ။ ဒါပေမယ့် အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲ၊ နေ့တိုင်း ဘာလုပ်လဲ၊ သွေးအုပ်စုက ဘာလဲဆိုတဲ့ မေးခွန်းတွေကို သူမဖြေနိုင်ပါဘူး။ ဇနီးပျောက်နေတဲ့အကြောင်း ယောက္ခမတွေကိုတောင် အကြောင်းမကြားရသေးလို့ ရဲစခန်းရောက်မှ ဖုန်းခေါ်ပြောဖြစ်ပါတယ်။ နောက်တစ်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ရမယ်ဆိုတော့ အမှုက ဒီလောက်အထိ ကြီးသွားမယ်လို့ မထင်ထားတဲ့ နစ် အံ့ဩသွားတယ်။ အဲဒီအချိန် ရဲစခန်းအပြင်မှာ အသံကြားလို့ ထွက်ကြည့်ရာက သူငယ်ပြန်နေတဲ့ သူ့အဖေကို တွေ့ပြီး အိမ်လိုက်ပို့ပေးခဲ့ရပါသေးတယ်။ အဲဒီနောက် အေမီရဲ့ အဝတ်ဗီရိုခန်းထဲမှာ သဲလွန်စနံပါတ်တစ်ဆိုတဲ့ စာကို နစ် တွေ့လာတယ်။ ပဟေဠိကို ဖြေကြည့်တော့ သူ့ကျောင်းက ရုံးခန်းကို ညွှန်နေပြီး အဲဒီမှာ လိုက်ရှာရာက ဖိုင်တွေကြားထဲမှာ အနီရောင် အမျိုးသမီးအတွင်းခံတစ်ထည်ကို တွေ့ရပါတယ်။ အဲဒီကနေ နောက်ထပ်သဲလွန်စတွေ တစ်ခုပြီးတစ်ခု ဆက်ပေါ်လာတယ်။ ရဲဘက်က စုံစမ်းမှုတွေ ဆက်လုပ်နေသလို အေမီချန်ခဲ့တဲ့ ပဟေဠိတွေကလည်း နစ်ကို နောက်တစ်နေရာဆီ ခေါ်သွားနေပါတယ်။ အေမီရဲ့ နာကျင်မှုနဲ့ ကြောက်ရွံ့မှုတွေ တဖြည်းဖြည်း ပေါ်လာချိန်မှာ လိမ်ညာခံနေရတာ အေမီလား၊ လိမ်ညာနေတာကပဲ အေမီလားဆိုတာ မေးခွန်းဖြစ်လာတယ်။ အေမီက နစ်ကို ချစ်သေးလား၊ နစ်ကရော အေမီကို ချစ်သလားဆိုတာလည်း မေးစရာကျန်နေပါတယ်။
ဇာတ်ကားကြည့်ရန်