၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Running Man က အဲဒီအချိန်ကနေ နှစ်သုံးဆယ်အကြာ၊ ၂၀၁၇ ခုနှစ်ကို စိတ်ကူးပြီး ဇာတ်အိမ်တည်ထားပါတယ်။ ကမ္ဘာတစ်ဝန်း စီးပွားပျက်ကပ်ကြီး ဖြစ်နေပြီး စားနပ်ရိက္ခာထုတ်လုပ်မှု လျော့ကျလာသလို ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြားသယံဇာတတွေလည်း ရှားပါးပြတ်လပ်နေတဲ့ ကာလပါ။ အမေရိကန်နိုင်ငံကိုတော့ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေတယ်။ နိုင်ငံကို စစ်နယ်မြေတွေ ခွဲထားပြီး စာပေ၊ ဂီတနဲ့ အနုပညာအားလုံးကို ဆင်ဆာနဲ့ ထိန်းချုပ်ထားပါတယ်။ တစ်နေရာနဲ့တစ်နေရာ စာရေးတာ၊ ဖုန်းဆက်တာတွေကို ခွင့်မပြုဘဲ ခရီးသွားဖို့လည်း အစိုးရထုတ်ပေးတဲ့ လက်မှတ်လိုတယ်။ အိမ်ပြင်ထွက်ရင် သွားလာခွင့်လက်မှတ် အမြဲဆောင်ထားရပြီး ညမထွက်ရအချိန် ကျော်လွန်သွားရင် တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးခံရနိုင်ပါတယ်။ ရုပ်မြင်သံကြားကိုလည်း အစိုးရက လုံးဝချုပ်ကိုင်ထားပြီး အချိန်ပြည့် ဝါဒဖြန့်နေတယ်။ ပြည်သူတွေ ဆန္ဒပြဖို့ အာရုံမရောက်အောင် ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်တစ်ခုက The Running Man ဆိုတဲ့ လူကြိုက်များတဲ့ ဂိမ်းရှိုးပါ။ ထောင်သားတွေကို ငလျင်ကြောင့် ပျက်စီးနေတဲ့ နယ်မြေထဲ ထည့်ပေးပြီး ကြေးစားလူသတ်သမားတွေက နောက်ကနေ လိုက်သတ်ကြတယ်။ သုံးနာရီပြည့်တဲ့အထိ အသက်ရှင်နိုင်ရင် အနိုင်ရပြီး လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ စည်းမျဉ်းနဲ့ ကစားရတာပါ။ အစိုးရတီဗီက မျက်မြင်တွေ့မှ ယုံကြဖို့ အမြဲပြောနေပေမယ့် ထုတ်လွှင့်သမျှက အမှန်တရားကို တည်းဖြတ်ပုံဖျက်ထားတာတွေ ဖြစ်နေတယ်။ ကြာလာတော့ လူတွေလည်း အဲဒါတွေကို ယုံလာကြပါတယ်။ ကလေးတွေအတွက် ကျောင်းတွေ မရှိတော့ဘဲ စစ်သင်တန်းတွေမှာပဲ အစိုးရလိုချင်တဲ့ အတွေးအခေါ်တွေ သွင်းပေးနေတယ်။ မိသားစုထဲမှာ တော်လှန်ရေးသမားရှိရင်ဖြစ်ဖြစ်၊ အစိုးရမကောင်းကြောင်း ပြောသူရှိရင်ဖြစ်ဖြစ် သတင်းပို့ဖို့ သင်ပေးပြီး သတင်းပေးတဲ့ကလေးကို မုန့်ဖိုးနှစ်ဆ ပေးပါတယ်။ ဒီလိုဖိနှိပ်မှုတွေကြားမှာ အစိုးရကို ဆန့်ကျင်နေတဲ့ လူအင်အားနည်းနည်းနဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့တော့ ရှိနေသေးတယ်။ ရဲအရာရှိ ဘန်ရစ်ချတ်ကလည်း ကိုယ်မကျူးလွန်ခဲ့တဲ့ အမှုကြီးတစ်ခုမှာ အကွက်ဆင်ခံရပြီး ထောင်ကျနေသူပါ။ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ထွက်နိုင်ခဲ့ပေမယ့် လွတ်လာပြီး ရက်သိပ်မကြာခင်မှာပဲ ပြန်အဖမ်းခံလိုက်ရတယ်။ ဒီတစ်ခါတော့ The Running Man ရဲ့ ထုတ်လုပ်သူလည်းဖြစ်၊ နာမည်ကြီးအစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ ဒေမွန်ကီလီယံရဲ့ လက်ထဲ ရောက်သွားပါတော့တယ်။ ဘန်ရစ်ချတ်အဖြစ် Arnold Schwarzenegger သရုပ်ဆောင်ထားပြီး Stephen King က ကလောင်ခွဲတစ်ခုနဲ့ ရေးခဲ့တဲ့ The Running Man ဝတ္ထုကို အခြေခံထားပါတယ်။ အစိုးရက သတင်းအချက်အလက်နဲ့ လူတွေရဲ့အတွေးကို ထိန်းချုပ်ထားပုံတွေမှာ 1984 ဝတ္ထုနဲ့ ဆင်တူတဲ့ အငွေ့အသက်တွေလည်း တွေ့ရပါတယ်။
ဇာတ်ကားကြည့်ရန်