Ed Wood (1994) ရုပ်ရှင်ကိုချစ်တဲ့လူ ရုပ်ရှင်ကြည့်တဲ့သူ ရုပ်ရှင်ရိုက်တဲ့လူတွေအကြောင်း ဇာတ်လမ်းတွေ ကျွန်တော် တော်တော်များများကြည့်ဖူးတယ်။ များသောအားဖြင့်တော့ ကြီးကျယ်ခမ်းနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ပြနိုင်ခဲ့တဲ့သူတွေပါပဲ။ ခမ်းနားတဲ့အရာတစ်ခု ဖြစ်လာဖို့ ကြုံရတဲ့ အခက်အခဲတွေအကြောင်းပေါ့။ ဒီလူတွေလည်း ရုပ်ရှင်ကို ချစ်ခဲ့တဲ့သူတွေပဲပေါ့။ ဒါပေမဲ့ မအောင်မြင်ခဲ့တဲ့ အခါခါကြိုးစားရင်း အခါခါ ခွက်ထိုးခွက်လန်ရှုံးနိမ့်ခဲ့တဲ့ ဘာမှဖြစ်မလာသလောက်ဖြစ်ခဲ့တဲ့ သူတို့နည်းသူတို့ဟန်နဲ့ ရုပ်ရှင်ကို ချစ်ခဲ့ကြသူတွေလည်း မနည်းရှိသေးတယ်။ သမိုင်းရဲ့ အမေ့ပျောက်ခံတွေလည်း ဖြစ်ချင်ဖြစ်မယ်။ အက်ဒ်ဝုကတော့ လုံးဝကြီးအမေ့ပျောက်ခံဖြစ်ခဲ့တာမဟုတ်ပေမဲ့ သူရှင်နေတဲ့ ကာလတစ်လျှောက်လုံး ခွက်ထိုးခက်လန်ရှုံးနိမ့်ခဲ့တဲ့ သူတွေထဲက တစ်ယောက်ပါပဲ။ ကမ္ဘာ့အဆိုးရွားဆုံး ဒါရိုက်တာဆုကိုတောင် ရခဲ့တဲ့သူပေါ့။ သူ့အကြောင်းတွေကို Scott Alexanderနဲ့ Larry Karaszewski ပြန်လည်တူးဖော်ဇာတ်ညွှန်းရေးပြီး တင်ဘာတန်က ခံစားတင်ဆက်ပေးခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်လာတယ် ပြောရမှာပါပဲ။ အက်ဒ်ဝုအကြောင်းရုပ်ရှင်ဟာ အက်ဒ်ဝုရဲ့ရုပ်ရှင်တွေလိုပဲ ငွေရေးကြေးရေးအရ ရှုံးခဲ့ပြန်တာပါပဲ။ အက်ဝုဒ်ရဲ့ရုပ်ရှင်တွေနဲ့မတူတာကတော့ တင်ဘာတန်ရဲ့ အက်ဝုဒ်ဟာ ဇာတ်ပို့ဆုနဲ့ မိတ်ကပ်ဆုအော်စကာရခဲ့သလို ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးခြင်းကိုလည်း ခံခဲ့ရတယ်။ Plot အက်ဝုဒ်ဆိုတဲ့ လူက ဘာမှမဖြစ်လာတဲ့ဘဝမှာ သူက ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်ခဲ့တယ်။ ဒါရိုက်တာဖြစ်လာမယ့် အခွင့်အရေးရဖို့ သူ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တယ်။ လူတိုင်းကို အောက်ကျခံပြီး လူတိုင်းကို ကပ်ပေါင်းပြီး ကြိုးစားခဲ့တယ်။ တစ်နေ့မှာ သူ့ဘဝရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒရာကူလာရုပ်ရှင်ထဲကမင်းသားကို သူတွေ့ခဲ့ရတယ်။ ဘယ်လာလူဂိုစီဆိုတဲ့ မင်းသားပေါ့။ ဒီမင်းသားကို ဒရာကူလာကားကြည့်ပြီးကတည်းက သူက မတရားကြိုက်သွားပြီး သူ့ကားတိုင်း ကြည့်ခဲ့တယ် သူ့ပရိသတ်ဖြစ်ခဲ့တယ်။ ဒီတော့ သူ့အိုင်ဒေါကို သူတွေ့ရတော့ သူတော်တော်လေး ဝမ်းသာသွားခဲ့တယ်။ ဘယ်လာလူဂိုစီကလည်း သူ့စကားအတိုင်း ဝါးပြီး အချိုရည်ကုန်ရင် ထွေးထုတ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကကြီးရဲ့ စွန့်ပစ်မှုကို ခံလိုက်ရပြီး ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နေနေရတဲ့သူဖြစ်နေခဲ့တယ်။ မူးယစ်ဆေးလည်း စွဲနေခဲ့တယ်။ အက်ဒ်ဝုဟာ သူ့အိုင်ဒေါကြီးအတွက်လည်း အလုပ်ရ သူလည်း ဒါရိုက်တာဖြစ် ။ သူ့အိုင်ဒေါကြီးနာမည်ကို သုံးပြီး ပရိုဂျူဆာကို ဇာတ်ကားတစ်ကား ရိုက်ခွင့်ပေးဖို့ စွယ်နိုင်ခဲ့တယ်။ အောင်မြင်အောင် ရိုက်လိုက်နိုင်ပေမဲ့ သူ့မှာ ရိုက်ချင်တဲ့စိတ်နဲ့ ချစ်စိတ်သာရှိနေတာ အရည်အချင်းလည်းမပြည့်စုံသလို အခက်အခဲတွေကများတော့ ဖြစ်ဖြစ်မြောက်မြောက်တော့ မဖြစ်သွားဘူး။ အဆိုးရွားဆုံးကားလို့ ဩဘာပေးခံလိုက်ရတယ်။ ဒီလိုနဲ့ သူ့ကိုယုံကြည်တဲ့လူမရှိတော့ဘဲ နောက်ကားတွေအတွက် ကိုယ်ထူကိုယ်ထ သူကြိုးစားပြီး ရိုက်ခဲ့တယ်။ အခက်အခဲတွေ အများကြီးနဲ့လည်း ကြုံခဲ့ရတယ်။ ဒါပေမဲ့ အဆုံးထိ သူရုပ်ရှင်တွေ ရိုက်သွားခဲ့တာပါပဲ။ ဒီရုပ်ရှင်က ကမ္ဘာ့အဆိုးရွားဆုံးဒါရိုက်တာလို့ သတ်မှတ်ခံခဲ့ရတဲ့ ဒီလိုဒါရိုက်တာတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ရှင်သန်ခြင်းဟာ မွေးလာခြင်းနဲ့ သေခြင်းကြားမှာ ရှိနေတဲ့ ကာလစတစ်ခုသက်သက်ပေါ့။ မသေနိုင် မသေရဲသရွေ့ အဓိပ္ပာယ်တွေ ကျွန်တော်တို့ရှာကြတယ်။ အဓိပ္ပာယ်တွေ တစ်ခုပြီးတစ်ခု ဘဝထဲ သွတ်သွင်းကြတယ်။ ဘာကမှတော့ အဓိပ္ပာယ်မရှိတာလည်း ဖြစ်ချင်ဖြစ်မပေါ့။ ရှင်သန်နိုင်ဖို့အတွက် တစ်ခါတလေ အရှိတရားတွေကို ဖယ်ထားဖို့ လိုကောင်းလိုမှာပဲ။ ဒီအဓိပ္ပာယ်မရှိတဲ့ တိုတောင်းတဲ့ ရှင်သန်ခြင်းကို အဓိပ္ပာယ်ရှိစေဖို့ လူတွေဟာ သူတို့ဘဝကို အဓိပ္ပာယ်ရှိစေမယ့်အရာတွေ လုပ်ကြတယ်။ သူတို့သေပြီးသွားရင် သူတို့သမိုင်းအဖြစ် ကျန်ခဲ့မယ့်အရာတွေ။ တခြားလူတွေ သူတို့ကို မှတ်မိစေမယ့်အရာတွေ။ တစ်ယောက်ယောက်ရဲ့ မှတ်ဉာဏ်ထဲက ဖြတ်ခနဲရုပ်ပုံလွှာတွေ ဖြစ်သွားမယ့်အရာတွေ လုပ်ကြတယ်။ အနုပညာသမားလို့ နာမည်တပ်လို့ရတဲ့ လူအများစုကတော့ ဒီလိုပဲနေပါမယ်။ အက်ဝုဒ်ရုပ်ရှင်ထဲကလူတွေလည်း ဒီလိုပဲ။ သူတို့ကို လူတွေမှတ်ထင်ကျန်စေမယ့် ပုံရိပ်တစ်ခုကို ဖန်တီးဖို့ကြိုးစားတဲ့လူတွေပေါ့။သူတို့ယုံကြည်ချက်နဲ့ သူတို့ ကောင်းမယ်ထင်တာတွေ ဖန်တီးရင်း စုတ်ပြတ်သတ်သွားတာလည်းဖြစ်နိုင်တာပါပဲ။ သူတို့ချစ်စိတ်နဲ့သူတို့လုပ်ခဲ့ကြတာပါပဲ။ အသိအမှတ်ပြုရလိမ့်မယ်။ ဝေဖန်တဲ့လူတွေကို မဝေဖန်နဲ့ ပြောနေတာလားဆိုတော့ မဟုတ်ပြန်ဘူး။ ဝေဖန်တဲ့လူတွေဆိုတာလည်း သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။ သူတို့မရှိရင်လည်း ချို့ယွင်းချက်တွေကနေ ပြည့်စုံလုနီးတဲ့ အနေရောက်တယ်ဆိုတာမျိုး ရှားသွားမယ်။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်ဆိုတဲ့ အချက်ကို သိထားဖို့ပဲပေါ့။ အက်ဝုဒ်ရဲ့ရုပ်ရှင်တွေဟာ ပေါကားလို့ပြောရမယ့် ရုပ်ရှင်တွေဖြစ်ခဲ့ပေမဲ့ ဒီထဲက တစ်ချို့ဇာတ်ကောင်တွေမှာ ဒီအရာနဲ့ပတ်သက်တဲ့ အတွေးအမြင်ကို မြင်နေရတယ်။ သူတို့က အင်တာတိန်းမန့်ကားပဲ။ သရဲကားတစ္ဆေကားပဲ ရိုက်ချင်လို့ကို ရိုက်နေကြတာ ဆိုတာမျိုးပေါ့။ တစ်ခါတလေကျလည်း အရာရာဟာ အနုပညာဆန်ဖို့မလိုနေခဲ့ဘူး။ အနုပညာဆိုတာကိုကလည်း အဲဒီလို သတ်မှတ်ထားကြသလို အရာမျိုးလည်း မဟုတ်ပါဘူး။ အက်ဝုဒ်ဟာ သူ့ရုပ်ရှင်ကို သူချစ်ခဲ့ပါတယ်။ သူချစ်တဲ့ ဒရာကူလာရုပ်ရှင်ထဲက မင်းသားကိုလည်း အဆုံးထိ သူ့နည်းသူ့ဟန်နဲ့ ကူညီပေးခဲ့တယ်။ သူ့ရုပ်ရှင်တွေဟာ တန်းမဝင်ခဲ့ပေမဲ့ အညံ့ဆုံးဒါရိုက်တာဆုကို ရခဲ့ပေမဲ့ အက်ဝုဒ်ကတော့ သူဖြစ်ချင်တာကို သူသိပြီး သူဖြစ်ချင်တာကို သူရအောင်လုပ်ခဲ့တယ် ပြောရမှာပဲ။ လူတွေ သူ့ကို ဘယ်ရုပ်ရှင်နဲ့ မှတ်မိနေကြမလဲဆိုတာကို သူရွေးချယ်နိုင်ခဲ့တယ်။ ကိုယ်ဘာကောင်လဲ ကိုယ်သိရင် ဘာကောင်ကြီးမှ ဖြစ်ဖို့လည်း မလိုပါဘူး။ အဓိပ္ပာယ်လုပ်ယူနေရတဲ့ ဒီစက်ဝိုင်းကြီးထဲ ကိုယ်ဘာကောင်လဲ ကိုယ်သိဖို့တော့ လိုတယ်။
ဇာတ်ကားကြည့်ရန်