Billy McMahon နဲ့ Nick Campbell တို့ဟာ အရောင်းပိုင်းမှာ ကျွမ်းကျင်ပြီး အလုပ်ကြိုးစားကြတဲ့သူတွေပါ။ ကိုယ့်ဘဝ အခြေတကျရှိနေပြီလို့ ထင်ထားကြပေမယ့် သူတို့အလုပ်လုပ်တဲ့ နာရီကုမ္ပဏီက လုပ်ငန်းဖျက်သိမ်းလိုက်တာကိုတောင် မသိလိုက်ကြဘူး။ အသက်ကြီးမှ အလုပ်သစ်ပြန်ရှာရတဲ့အခါ အဆင်မပြေတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့နေရလို့ Billy က အင်တာနက်ပေါ်ကနေ အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google သုံးပြီး အလုပ်ရှာနေရာက Google ကိုယ်တိုင် အလုပ်သင်ခေါ်ထားတာကို တွေ့သွားတယ်။ အမြဲတမ်းအလုပ် မဟုတ်သေးပေမယ့် စိန်ခေါ်မှုအသစ်ကို စမ်းရင်ဆိုင်ကြည့်ဖို့ Billy က တိုက်တွန်းတော့ Nick လည်း စိတ်ပါလာပါတယ်။ နည်းပညာနယ်ပယ်မှာ အတွေ့အကြုံမရှိ၊ အသက်ကလည်း ကြီးနေပြီဖြစ်ပေမယ့် အွန်လိုင်းအင်တာဗျူးမှာ သမားရိုးကျမဟုတ်တဲ့ သွက်သွက်လက်လက်အဖြေတွေ ပေးနိုင်ခဲ့လို့ နှစ်ယောက်လုံး အလုပ်သင်အဖြစ် ရွေးချယ်ခံလိုက်ရတယ်။ Google ကို ရောက်တော့ အရင်က သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထဲမှာပဲ တွေ့ဖူးတဲ့ နည်းပညာတွေကို သူတို့ရှေ့မှာ မြင်ရပါတယ်။ လုပ်ငန်းခွင်ထဲက အရာတွေကို အခမဲ့သုံးနိုင်ပြီး အနားယူချိန်မှာလည်း သက်တောင့်သက်သာ နေနိုင်တာကြောင့် နှစ်ယောက်လုံး သဘောကျနေကြတယ်။ ဒါပေမဲ့ ဒီမှာ အလုပ်ရဖို့က မသေချာသေးပါဘူး။ အလုပ်သင်တွေကို အဖွဲ့ခွဲပြီး ယှဉ်ပြိုင်ခိုင်းမှာဖြစ်သလို အနိုင်ရတဲ့အဖွဲ့ကသာ အလုပ်ရဖို့ အာမခံချက်ရှိတာပါ။ သူတို့နဲ့အတူ ဝင်လာသူအများစုက တက္ကသိုလ်ပြီးကာစ လူငယ်တွေဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နှစ်ယောက်ကို ဘယ်သူမှ အဖွဲ့ထဲမခေါ်ချင်ကြဘူး။ နောက်ဆုံးမှာ တခြားအဖွဲ့တွေက မရွေးတဲ့သူတွေချည်း တစ်ဖွဲ့တည်း စုမိသွားပါတယ်။ အဲဒီအဖွဲ့မှာ ဖုန်းကိုပဲ အာရုံစိုက်နေတဲ့ Stuart၊ အိမ်မှာပဲ စာသင်ခဲ့ဖူးလို့ ပြင်ပလောကနဲ့ အခုမှ ထိတွေ့ရတဲ့ Yo-Yo၊ ပေါက်ကရတွေးတတ်တဲ့ Neha တို့ ပါလာတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်မလုံခြုံလို့ အမြဲတက်ကြွနေသလို ဟန်ဆောင်တတ်တဲ့ Google ဝန်ထမ်းငယ် Lyle ပါ။ Nooglers လို့ခေါ်ကြတဲ့ ဒီအလုပ်သင်တွေဟာ အဖွဲ့အလိုက် တာဝန်တွေကို လက်ခံလုပ်ဆောင်ရမှာဖြစ်ပြီး Mr. Chetty က သူတို့ကို အကဲဖြတ်ပေးမှာပါ။ အဖွဲ့တွေရဲ့ လှုပ်ရှားမှု၊ အားကစားနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေကို သူက စောင့်ကြည့်နေပါတယ်။ မတူတဲ့ပတ်ဝန်းကျင်တွေက လာကြပြီး လူတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းဖို့လည်း ခက်နေတဲ့ ဒီအဖွဲ့အတွက် ဘာအခက်အခဲတွေ ကြုံရမလဲ။ Billy နဲ့ Nick တို့ကလည်း သူတို့ထက် ငယ်ရွယ်ထက်မြက်ပြီး အင်အားသာတဲ့ ပြိုင်ဘက်တွေကို ဘယ်လိုယှဉ်ပြိုင်ကြမလဲ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးထားပြီး Vince Vaughn နဲ့ Owen Wilson တို့ အတူပါဝင်တဲ့ တတိယမြောက် ဟာသဇာတ်ကားဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပေမယ့် Google ကို ပုံရိပ်မြှင့်တင်ပေးတာ များလွန်းပြီး ကြော်ငြာဆန်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်