ရှာရွတ်ခန်းနဲ့ ကာရီနာကပူးတို့ အဓိကပါဝင်ထားတဲ့ Aśoka က သီရိဓမ္မာသောကမင်းလို့ သိကြတဲ့ အာသောကမင်းအကြောင်းကို အခြေခံထားပါတယ်။ ကာလက ခရစ်တော်မပေါ်မီ ဘီစီ ၂၆၀ ဝန်းကျင်ပါ။ အာသောကဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့ သားတော်ဖြစ်ပြီး မောရိယနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယရဲ့ မြေးတော်ဖြစ်ပါတယ်။ ဘိုးတော်လက်ထက်က မသိမ်းပိုက်နိုင်သေးတဲ့ အိန္ဒိယအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တယ်။ အရှေ့ဘက်ကမ်းက ကလိင်္ဂတိုင်းကို ဝင်တိုက်တဲ့အခါမှာတော့ တိုင်းသူပြည်သားတွေက ရဲရဲဝံ့ဝံ့ ခုခံကြတဲ့အတွက် ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ရင်ဆိုင်ရပါတယ်။ လူအများအပြား သေကျေပျက်စီးရတဲ့ ဒီစစ်ပွဲက သူလိုချင်တဲ့ အောင်နိုင်မှုရဲ့ တန်ဖိုးကို ပြန်စဉ်းစားစရာ ဖြစ်လာစေတယ်။ မူရင်းမိတ်ဆက်စာမှာ အာသောကမင်းရဲ့ သမိုင်းနောက်ခံအဖြစ် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ခဲ့တာတွေကိုလည်း ဖော်ပြထားပါတယ်။ တင်းကျပ်လွန်းတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးတာ၊ တိရစ္ဆာန်ဘေးမဲ့ဂေဟာတွေ တည်ဆောက်တာ၊ လမ်းဖောက်တာနဲ့ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်တာတို့ပါ။ တခြားဘာသာတွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့သလို နိုင်ငံခြားကို ဗုဒ္ဓသာသနာပြုတွေ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာလည်း သာသနာထွန်းကားလာခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ဘဝဖြစ်စဉ်တစ်ခုလုံး ပြန်ပြောပြတာထက် အာသောကမင်း လျှောက်လှမ်းခဲ့တဲ့လမ်းနဲ့ ဓမ္မအယူအဆကို အသားပေးတဲ့ ဇာတ်ကားအဖြစ် မိတ်ဆက်ထားပါတယ်။ အဲဒီဓမ္မအယူအဆက မန္တန်ရွတ်ဖတ်ပူဇော်တာနဲ့ ဘာသာရေးဓလေ့ထုံးတမ်းတွေကို လိုက်နာတာထက် လူ့အဖွဲ့အစည်း တိုးတက်ရေးနဲ့ လူ့လောကအကျိုးကို ဆောင်ရွက်ဖို့ ဦးတည်ပါတယ်။ ဒီအယူအဆတွေကို သူ့ရဲ့ကျောက်စာတွေမှာလည်း ဖော်ပြထားခဲ့တယ်။
ဇာတ်ကားကြည့်ရန်