တရုတ်ပြည်မှာ ခေတ်အပြောင်းအလဲတွေကို ဖြတ်သန်းရတဲ့ သာမန်မိသားစုတစ်စုအကြောင်းပါ။ မဟာခုန်ပျံကျော်လွှားမှုနဲ့ ယဉ်ကျေးမှုတော်လှန်ရေး မတိုင်ခင်ကာလကနေ စထားပြီး အဲဒီကာလတွေထဲ သူတို့မိသားစု ဘယ်လိုနေထိုင်ခဲ့ကြရသလဲဆိုတာကို ဆက်ပြထားပါတယ်။ ကြီးမားတဲ့ သမိုင်းဖြစ်ရပ်တွေကြားက နေ့စဉ်ဘဝမှာ ဝမ်းနည်းစရာတွေ ကြုံရသလို မျှော်လင့်စရာလေးတွေလည်း ရှိနေတယ်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်းနဲ့ သေဆုံးခြင်းတွေကို ရင်ဆိုင်ရင်း သူတို့ဘဝက ရှေ့ဆက်နေပါတယ်။ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Yu Hua ရဲ့ To Live ဝတ္ထုကို Zhang Yimou က ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ Farewell My Concubine နဲ့ ခေတ်ကာလချင်း နီးစပ်ပေမယ့် ဒီဇာတ်ကားမှာတော့ သဘင်သည်တွေရဲ့ဘဝထက် သာမန်မိသားစုရဲ့ အနိမ့်အမြင့်တွေကို အာရုံစိုက်ထားတယ်။ Gong Li က မိသားစုကို ချစ်တဲ့ အိမ်ထောင်ရှင်မအဖြစ် သရုပ်ဆောင်ထားပြီး သူ့ခင်ပွန်းနေရာမှာ Ge You ပါဝင်ထားပါတယ်။ Ge You ဟာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုလည်း ရခဲ့ပါတယ်။ ဇာတ်ကားဖန်တီးရာမှာ မူရင်းစာရေးဆရာရဲ့ အကူအညီရခဲ့သလို ဒါရိုက်တာ Zhang Yimou ကိုယ်တိုင်လည်း ယဉ်ကျေးမှုတော်လှန်ရေးကာလကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဇာတ်လမ်းက အားတက်စေမယ့်စကားတွေ တမင်ပြောပြနေခြင်းမရှိဘဲ မိသားစုတစ်စုရဲ့ဘဝကိုပဲ တင်ပြထားတာပါ။ ဒါပေမယ့် အာရှရုပ်ရှင်ပရိသတ်တချို့ကတော့ ကိုယ့်ဘဝခက်ခဲနေချိန်မှာ ဒီဇာတ်ကားက မျှော်လင့်ချက်ပေးခဲ့တယ်လို့ ပြောကြပါတယ်။
ဇာတ်ကားကြည့်ရန်