မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ရက်ရှ်မိုးဆိုတဲ့ ကိုယ်ပိုင်ကျောင်းမှာ ပညာသင်ဆုနဲ့ တက်နေပါတယ်။ ပညာသင်ဆုရထားပေမယ့် စာမှာတော့ အားနည်းတယ်။ ကျောင်းက အသင်းအဖွဲ့တွေမှာ ပါဝင်တာ၊ ကိုယ်တိုင်အသင်းဖွဲ့တာနဲ့ အခြားလှုပ်ရှားမှုတွေမှာပဲ အချိန်ပေးနေပြီး ပြဇာတ်ရေးတာကိုလည်း ဝါသနာပါသူပါ။ မက်စ် လေးစားအားကျနေတဲ့သူက ကျောင်းရဲ့ ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ဖြစ်ပါတယ်။ အသက် ၅၀ အရွယ် ဘလူးမ်က ကိုယ့်အားကိုယ်ကိုး ကြီးပွားလာတဲ့ ပိုက်ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ဇနီးနဲ့ အမြွှာသားနှစ်ယောက် ရှိတယ်။ မက်စ်က သူ့ဆီသွားပြီး စကားပြောရာကနေ နှစ်ယောက်သား ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာကြပါတယ်။ တစ်နေ့ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်ဆိုတဲ့ ငယ်ရွယ်တဲ့ဆရာမတစ်ယောက် ရောက်လာတယ်။ မက်စ်က စာကြည့်တိုက်မှာ ဆရာမ ငှားဖတ်ခဲ့တဲ့စာအုပ်ကို ဖတ်မိရာကနေ သူ့ကို စိတ်ဝင်စားသွားပါတယ်။ ဆရာမနဲ့ ချစ်သူဖြစ်နိုင်ဖို့ ဘလူးမ်ဆီမှာ အကြံဉာဏ်တောင်းရင်း ဘလူးမ်ကိုယ်တိုင်ပါ ဆရာမကို သဘောကျသွားတော့တယ်။ မက်စ်အတွက် သုံးပွင့်ဆိုင်အချစ်ရေးကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပြဿနာရှိလာသလို ကျောင်းမှာ အမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရလုနီးပါး ဖြစ်နေတဲ့ကိစ္စလည်း ရှိနေပါတယ်။ သူအားသန်တဲ့ ကျောင်းပြင်ပလှုပ်ရှားမှုတွေနဲ့ ပြဇာတ်ရေးတာတွေကရော ရပ်သွားမှာလား။ ၁၉၉၈ ခုနှစ်ထွက် Rushmore က Wes Anderson ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဇာတ်ညွှန်းကို Owen Wilson နဲ့အတူ ရေးထားပါတယ်။ Moonrise Kingdom၊ The Grand Budapest Hotel နဲ့ Fantastic Mr. Fox တို့ကို ရိုက်ကူးခဲ့တဲ့ ဒီဒါရိုက်တာရဲ့ ခေါက်ချိုးညီရိုက်ချက်တွေ၊ အရောင်အသုံးအနှုန်းတွေနဲ့ ထူးခြားတဲ့ဇာတ်ညွှန်းဟန်ကို ဒီကားမှာလည်း တွေ့ရတယ်။ ဟာသ၊ ဒရာမာနဲ့ အချစ်ဇာတ်လမ်းကို ရောစပ်ထားပြီး နောက်ခံတေးဂီတနဲ့ ရိုက်ကူးပုံတွေကလည်း ဇာတ်လမ်းကို အားဖြည့်ပေးထားပါတယ်။
ဇာတ်ကားကြည့်ရန်