Goon Docks မှာနေတဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်နဲ့ ဒေတာတို့ သူငယ်ချင်းတစ်သိုက်ကို “ဂူနီ” လို့ ခေါ်ကြပါတယ်။ အပေါင်ငွေ ဆက်မသွင်းနိုင်တော့လို့ သူတို့အိမ်တွေ အသိမ်းခံရတော့မယ့်အချိန်မှာ နောက်ဆုံးအတူရှိခွင့်ရမယ့်နေ့ကို ဖြတ်သန်းဖို့ မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုရဲ့အိမ်မှာ စုနေကြတယ်။ အိမ်ထပ်ခိုးပေါ်က မိုက်ကီ့အဖေရဲ့ ပစ္စည်းတွေကို မွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြ မျက်လုံးတစ်လုံး ဝီလီရဲ့ ရတနာမြေပုံကို တွေ့သွားကြပါတယ်။ ဒီမြေပုံနောက်ကို လိုက်ဖို့ ကလေးတစ်သိုက်က အစ်ကိုကြီးဘရန်းကို တစ်ပတ်ရိုက်ပြီး အိမ်မှာထားခဲ့ကြတယ်။ ဒါပေမဲ့ မြေပုံမှာညွှန်ထားတဲ့နေရာက နာမည်ကြီး ရာဇဝတ်မိသားစုဖြစ်တဲ့ ဖရာတဲလိစ်တို့ ပုန်းနေရာ ဖြစ်နေပါတယ်။ ရတနာရှာဖို့ ထွက်လာကြတဲ့ ဂူနီတွေဟာ ဖရာတဲလိစ်မိသားစုကို ရှောင်ရသလို ဝီလီထားခဲ့တဲ့ ထောင်ချောက်တွေကိုလည်း ကျော်ဖြတ်ကြရတော့တယ်။ ရတနာတွေက တကယ်ရှိမှာလား၊ ရှိခဲ့ရင်ရော သူတို့လက်ထဲ ရောက်နိုင်ပါ့မလား။ ဖရာတဲလိစ်တွေ လက်ထဲမမိအောင် ရှောင်ရင်း သူတို့ရဲ့အိမ်တွေကိုပါ ကယ်တင်နိုင်မလားဆိုတာ ဆက်တွေ့ရမှာပါ။ ၁၉၈၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီမိသားစုစွန့်စားခန်းဟာသကားဟာ Steven Spielberg ရေးသားထားတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး Ke Huy Quan ငယ်စဉ်က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ နောက်ပိုင်း Everything Everywhere All At Once နဲ့ အမျိုးသားဇာတ်ပို့ အော်စကာဆု ရရှိခဲ့သူပါ။
ဇာတ်ကားကြည့်ရန်