အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို မြန်မာစာဖတ်သူတွေက “လေထန်ကုန်း” ဆိုတဲ့အမည်နဲ့ ရင်းနှီးကြပါတယ်။ ၁၈၄၇ ခုနှစ်မှာ ပုံနှိပ်ခဲ့တဲ့ ဒီဝတ္ထုကို ကျော်လှိုင်ဦးက “လေထန်ကုန်း” လို့ အမည်ပေးပြီး ပြန်ဆိုခဲ့တာပါ။ ဒီအမည်ဟာ မြန်မာစာရေးဆရာတွေ ဆုံဖြစ်ကြတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ အမည်လည်း ဖြစ်နေပါတယ်။ ကျော်လှိုင်ဦးမတိုင်ခင် ဒဂုန်ခင်ခင်လေးက “ဂုဏ်မြင့်သူ” ဆိုပြီး ဝတ္ထုကို တစ်စိတ်တစ်ဒေသ မှီငြမ်းရေးသားခဲ့ဖူးတယ်။ အမ်မလီရဲ့ ကဗျာကိုလည်း တက္ကသိုလ်ဘုန်းနိုင်က “တမ်းတမိခြင်း” အမည်နဲ့ ပြန်ဆိုခဲ့ဖူးပါတယ်။ Emily ကတော့ အဲဒီစာရေးဆရာမရဲ့ ငယ်ဘဝကနေ စပြီး ဇာတ်ကြောင်းပြောထားတဲ့ ရုပ်ရှင်ပါ။ အမ်မလီတို့ ညီအစ်မသုံးယောက်စလုံးဟာ အနုပညာသမားတွေဖြစ်ကြပြီး ဇာတ်လမ်းတွေ စိတ်ကူးယဉ်ရေးတတ်တဲ့ ကောင်မလေးတစ်ယောက်ကနေ လူသိများတဲ့ စာရေးဆရာမတစ်ယောက် ဖြစ်လာတဲ့အထိ သူ့ဘဝကို ပုံဖော်ထားပါတယ်။ သူ့ဘဝဖြစ်ရပ်တွေကို အတိအကျ ပြန်ရိုက်ထားတာတော့ မဟုတ်ပါဘူး။ ငယ်ဘဝအတွေ့အကြုံတွေ၊ စာရေးသူတစ်ယောက်အဖြစ် ဖြတ်သန်းလာပုံတွေနဲ့အတူ သူ့ရဲ့ ရင်နင့်စရာ အချစ်ဇာတ်လမ်းကိုပါ ဖြည်းဖြည်းချင်း ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်