ချာလီချက်ပလင်လို့ ပြောလိုက်ရင် ဘောင်းဘီအပွကြီး၊ ဦးထုပ်ဝိုင်းလေး၊ တုတ်ကောက်နဲ့ တံမြက်စည်းနှုတ်ခမ်းမွေးကို အရင်ဆုံး မြင်မိကြမှာပါ။ တစ်ကမ္ဘာလုံးက နှစ်သက်ပြီး အတုခိုးခဲ့ကြတဲ့ အဲဒီပုံရိပ်ဟာ ချာလီဖန်တီးသရုပ်ဆောင်ခဲ့တဲ့ Tramp ဇာတ်ကောင်ဖြစ်ပါတယ်။ The Real Charlie Chaplin ကတော့ ဒီလူသိများတဲ့ဇာတ်ကောင်ရဲ့နောက်ကွယ်မှာ နေထိုင်ခဲ့တဲ့ ချာလီရဲ့ဘဝကို ဇာတ်လမ်းဆန်ဆန် ပြန်ပြောပြတဲ့ အတ္ထုပ္ပတ္တိမှတ်တမ်းရုပ်ရှင်ပါ။ ချာလီဟာ အိမ်ထောင်ကွဲမိသားစုကနေ ကြီးပြင်းလာပြီး မိဘတွေလိုပဲ အနုပညာဝါသနာပါခဲ့သူဖြစ်ပါတယ်။ ကလေးဘဝကို ဆင်းရဲဒုက္ခတွေကြားမှာ ဖြတ်သန်းခဲ့ရပေမယ့် ဟာသဉာဏ်ကိုတော့ မပျောက်အောင် ထိန်းထားနိုင်ခဲ့တယ်။ နောက်ပိုင်း အောင်မြင်လာတဲ့အထိ ဆင်းရဲမှာကို ကြောက်တဲ့စိတ်က သူ့ဆီမှာ ကျန်နေဆဲပါ။ အလုပ်လုပ်တဲ့အခါမှာလည်း အသေးစိတ်ကအစ ပြည့်စုံစေချင်ပြီး ရိုက်ကူးရေးအလုပ် အများစုကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခဲ့တယ်။ ရိုက်ကွင်းက အလုပ်အားလုံးကို တစ်ယောက်တည်း လုပ်နိုင်ရင်တောင် လုပ်မယ့်သူလို့ အဖွဲ့သားတွေက ပြောကြပါတယ်။ ဒီရုပ်ရှင်က သူ့အောင်မြင်မှုတွေနဲ့အတူ ကိုယ်ရေးဘဝက အဆင်မပြေမှုတွေကိုလည်း ဖော်ပြထားတယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အလေးထားတတ်တဲ့ ချာလီရဲ့စိတ်ကြောင့် Oona O'neil-Chaplin နဲ့ ရခဲ့တဲ့ သားသမီးတွေတောင် အဖေနဲ့ဝေးကွာနေသလို ခံစားခဲ့ကြရပါတယ်။ အချစ်ရေးရှုပ်ထွေးခဲ့တဲ့ သူ့ဘဝမှာ နောက်ကွယ်ကနေ ပံ့ပိုးပေးရတာနဲ့ ကျေနပ်တဲ့ Oona နဲ့တော့ သားသမီးရှစ်ယောက် ရတဲ့အထိ လက်တွဲဖြစ်ခဲ့တယ်။ ချာလီရဲ့ဘဝအကြောင်းမှာ Tramp ကိုလည်း ချန်ထားလို့မရပါဘူး။ ချာလီက ဒီဇာတ်ကောင်ကို ဖန်တီးခဲ့သလို ဒီဇာတ်ကောင်ကလည်း သူ့အောင်မြင်မှုကို ယူဆောင်ပေးခဲ့တာပါ။ The Kid ထဲက ထပ်ခိုးအိမ်ခန်းလေးမှာ ချာလီ့ဘဝရဲ့ အရိပ်အယောင်ကို တွေ့ရသလို City Lights မှာ Tramp နဲ့ ပန်းသည်မလေး ဆုံတဲ့နေရာကလည်း သူ့အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ ကင်လင်တန်ပန်းခြံအဝင်ပေါက်နဲ့ ဆက်စပ်နေတယ်။ The Gold Rush မှာတော့ ကလေးဘဝက အခက်အခဲတွေကို ပြန်တွေ့ရပါတယ်။ ချာလီ့ဘဝထဲက ဝမ်းနည်းစရာတွေဟာ စကားမပါဘဲ အမူအရာနဲ့ ပြောတတ်တဲ့ Tramp မှတစ်ဆင့် ရယ်စရာတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ The Great Dictator ထဲမှာတော့ ဟာသနဲ့ ဖျော်ဖြေမှုအပြင် လေးနက်တဲ့စကားတွေကိုလည်း သူပြောလာပါတယ်။ နောက်ပိုင်းမှာ သူ့အပေါ် အမြင်ပြောင်းလာသူတွေရှိခဲ့ပြီး ကွန်မြူနစ်လို့လည်း စွပ်စွဲခံခဲ့ရတယ်။ ချာလီကိုယ်တိုင်ကတော့ မိမိကိုယ်ကို ကွန်မြူနစ်အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူးလို့ ပြောပါတယ်။ အမေရိကန်ကနေ နယ်နှင်ခံရတဲ့အခြေအနေအထိ ရောက်ခဲ့ပေမယ့် လူတွေကို ဖျော်ဖြေဖို့ ကြိုးစားမှုကို မရပ်ခဲ့ပါဘူး။ အသက် ၈၅ နှစ်၊ လမ်းမလျှောက်နိုင်တော့လို့ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရချိန်မှာ အင်္ဂလန်က ချီးမြှင့်တဲ့ Sir ဘွဲ့ကို ရရှိခဲ့ပြီး ဘုရင်မကြီးကလည်း သူ့ရုပ်ရှင်တွေအတွက် ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ချာလီနဲ့ ဟစ်တလာတို့ရဲ့ ဆန့်ကျင်ဘက်ရပ်တည်မှုအကြောင်းကိုလည်း မူရင်းအညွှန်းမှာ ထည့်ပြောထားတယ်။ နှုတ်ခမ်းမွေးပုံစံတူပေမယ့် တစ်ယောက်က လူတွေကို ဖျော်ဖြေပေးခဲ့သူဖြစ်ပြီး နောက်တစ်ယောက်က လူအများအပြား သတ်ဖြတ်ခံခဲ့ရမှုနဲ့ နာမည်ဆိုးကျော်ခဲ့တဲ့ နာဇီခေါင်းဆောင်ပါ။ ဟစ်တလာဟာ ချာလီကို ဂျူးလို့ အမည်တပ်ပြီး ချာလီမုန်းတီးရေးဝါဒကိုပါ ဖြန့်ခဲ့ပါတယ်။ ချာလီနဲ့ နီးစပ်သူတွေကတော့ သူဟာ အမြဲသရုပ်ဆောင်နေတတ်သူလို့ ပြောကြတယ်။ အတိတ်က ဒဏ်ရာတွေကြောင့် စိတ်မလုံခြုံလို့လား၊ ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေသူအဖြစ် မွေးလာတယ်လို့ သတ်မှတ်ထားလို့လားဆိုတာ မူရင်းက မေးခွန်းထုတ်ထားပါတယ်။ ကင်မရာရှေ့မှာဖြစ်ဖြစ်၊ ကင်မရာမရှိတဲ့အချိန်မှာဖြစ်ဖြစ် ပရိသတ်ရှိရင် ချာလီက ဖျော်ဖြေနေတတ်သူပါ။
ဇာတ်ကားကြည့်ရန်