ဂျာ့ခ်နဲ့ မာ့ခ်တို့ သားအဖနှစ်ယောက်စလုံးက ရဲတွေဖြစ်ပေမယ့် တွေ့လိုက်တာနဲ့ ရန်ဖြစ်နေကြသူတွေပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးဆောင်ရှေ့နေချားစ်မှာလည်း စိတ်ကျဝေဒနာခံစားနေရပြီး ကိုယ့်အသက်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ချားစ်ရဲ့ဇနီးက သားဖြစ်သူ ဒီလိုကြုံနေရတာဟာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကုဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ သားအဖပြန်လည်သင့်မြတ်ရေးခရီးစဉ်မှာ သူတို့ကို စာရင်းပေးလိုက်ပါတယ်။ လူဆိုးဂိုဏ်းရဲ့ရှေ့နေဖြစ်ပေမယ့် ဇနီးစကားကိုတော့ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ ပြင်ဆင်ရတော့တယ်။ ဂိုဏ်းကို ဖမ်းဆီးနိုင်ဖို့ ချားစ်ရဲ့ထွက်ဆိုချက်ကို အပူတပြင်း လိုအပ်နေတဲ့ ဂျာ့ခ်တို့သားအဖက ဒီသတင်းကို ကြားသွားပါတယ်။ သူတို့လည်း အဲဒီခရီးမှာ လိုက်ပါပြီး ချားစ်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ကြိုးစားကြတော့တယ်။ ပြင်သစ်စကားပြော ကနေဒါဟာသဇာတ်ကားဖြစ်ပြီး သားအဖအတွဲတွေ စုဝေးနေတဲ့ တစ်ပတ်တာခရီးမှာ သူတို့ ဘယ်လိုအရှုပ်အထွေးတွေ ကြုံရမလဲဆိုတာကို ရိုက်ကူးထားပါတယ်။
ဇာတ်ကားကြည့်ရန်