Gomez နဲ့ Morticia တို့မှာ ကလေးတစ်ယောက် ထပ်ရလာတဲ့အခါ Wednesday နဲ့ Pugsley တို့က မောင်ငယ်လေးကို သတ်ဖို့ ကြံကြပါတယ်။ ဒါပေမဲ့ သူတို့အကြံ မအောင်မြင်ဘဲ မိဘနှစ်ပါးရဲ့ ဆူပူတာကိုပဲ ခံလိုက်ရတယ်။ နောက်တော့ ကလေးကို ထိန်းပေးဖို့ Addams မိသားစုက Debbie ဆိုတဲ့ ကလေးထိန်းတစ်ယောက်ကို ငှားလိုက်ပါတယ်။ သူတို့မသိထားတာက Debbie ဟာ သူဌေးတွေနဲ့ လက်ထပ်ပြီး အမွေရဖို့ ခင်ပွန်းတွေကို သတ်တတ်တဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတာပါ။ ဒီတစ်ခါ သူ့ပစ်မှတ်က Uncle Fester ဖြစ်လာတယ်။ အကင်းပါးတဲ့ Wednesday ကတော့ Debbie ကို မသင်္ကာစပြုလာပါပြီ။ ကိုယ့်မောင်လေးကို ကိုယ်ကလွဲလို့ ဘယ်သူမှ မနှိပ်စက်ရဘူးဆိုတဲ့ Wednesday တစ်ယောက် ဒီအန္တရာယ်ကနေ မိသားစုကို ဘယ်လိုကာကွယ်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။ Addams မိသားစုဟာ ပတ်ဝန်းကျင်က လက်ခံထားတဲ့ ကျင့်ဝတ်တွေ၊ စံနှုန်းတွေနဲ့ အတော်ကွာခြားတဲ့သူတွေပါ။ ဟန်မဆောင်ဘဲ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း တစ်ဖက်သားကို ခြေထိုးခံတတ်ကြတယ်။ အပြင်လူတွေက သူတို့ကို နားမလည်နိုင်ပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေကြားမှာတော့ ချစ်ခင်လေးစားခံရတဲ့ မိသားစုဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေကို ၂၀ ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ဖို့ ဖန်တီးခဲ့တာပါ။ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ ဒီမိသားစုကို The New Yorker မဂ္ဂဇင်းမှာ ၁၉၃၈ ခုနှစ်ကတည်းက စတင်ဖော်ပြခဲ့ပြီး Tom & Jerry ထက် နှစ်နှစ်စော ပေါ်လာခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် The Addams Family တီဗီစီးရီးမှာမှ ဇာတ်ကောင်တွေကို နာမည်ပေးခဲ့တာဖြစ်ပြီး အဲဒီကနေ စီးရီးနဲ့ ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တယ်။ ၁၉၉၁ ကနေ ၁၉၉၉ အတွင်း ရုပ်ရှင်သုံးကား၊ ၂၀၁၉ နဲ့ ၂၀၂၁ မှာ အန်နီမေးရှင်းနှစ်ကား ထွက်ခဲ့ပြီး ၂၀၂၂ မှာတော့ တင်ဘာတန်ရဲ့ Wednesday ထွက်လာခဲ့ပါတယ်။ ဗီဒီယိုဂိမ်းတွေ၊ ပညာရပ်ဆိုင်ရာစာအုပ်တွေအထိ ရောက်ရှိလာတဲ့ Addams မိသားစုဟာ အမေရိကန်ကာတွန်း၊ ရုပ်ရှင်နဲ့ ရုပ်သံလောကမှာလည်း လွှမ်းမိုးမှုရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်