ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Wladyslaw Szpilman ဟာ ဝါဆောမြို့မှာ ပုန်းအောင်းရင်း အသက်ရှင်ဖို့ ကြိုးစားခဲ့ရပါတယ်။ The Pianist က သူ့ရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ Szpilman ဟာ ဝါဆောမြို့က ရေဒီယိုစခန်းတစ်ခုမှာ စန္ဒရားတီးနေတယ်။ အဲဒီအချိန် ဂျာမန်ဗုံးတွေ စကျလာတာကြောင့် အဆောက်အအုံထဲက လူတွေ ဘေးလွတ်ရာကို အပြေးအလွှား ထွက်ကြရပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်တို့က စစ်ကြေညာပြီးနောက် မြို့ကနေ ထွက်ခွာသူတွေ ရှိပေမယ့် Szpilman တို့မိသားစုကတော့ အခြေအနေပြန်ကောင်းလာမယ်လို့ မျှော်လင့်ရင်း ဝါဆောမှာပဲ နေခဲ့ကြတယ်။ ဒါပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာဘဲ ဂျာမန်တို့ရဲ့အာဏာ ပိုမိုကြီးထွားလာပါတယ်။ မြို့ထဲက ဂျူးတွေကို သီးခြားသတ်မှတ်ထားတဲ့ ရပ်ကွက်ထဲ ပြောင်းရွှေ့ခိုင်းပြီး ဖိနှိပ်ညှဉ်းပန်းမှုတွေ ဆက်တိုက်ကြုံလာရတယ်။ နောက်တော့ Szpilman တို့မိသားစုအပါအဝင် ဂျူးတွေကို ရထားတွေနဲ့ ပို့ဆောင်ဖို့ စီစဉ်လာကြပါတယ်။ အဲဒီအချိန် ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတစ်ယောက်ရဲ့ အကူအညီကြောင့် Szpilman လွတ်မြောက်သွားပေမယ့် မိသားစုနဲ့ ကွဲကွာပြီး ဝါဆောမှာ တစ်ယောက်တည်း ကျန်ခဲ့ရတယ်။ ချစ်တဲ့မိသားစုကို ဆုံးရှုံးရသလို ဝါသနာပါတဲ့ စန္ဒရားပညာရှင်အလုပ်ကိုလည်း စွန့်လွှတ်ထားရပါတယ်။ သူနေခဲ့တဲ့မြို့ကလည်း ပျက်စီးယိုယွင်းပြီး လူသူကင်းမဲ့လာတဲ့အတွက် အသက်မသေရုံ နေနိုင်ဖို့တောင် ခက်ခဲနေတယ်။ ဇာတ်လမ်းက ၁၉၃၉ ခုနှစ်ဝန်းကျင် ဂျာမန်တို့ ဝါဆောကို စသိမ်းချိန်ကနေ ၁၉၄၅ ခုနှစ်ဝန်းကျင်အထိ သူဖြတ်သန်းရတဲ့ စစ်ကာလကို ပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ကို ပိုလန်နဲ့ ပြင်သစ်နွယ်ဖွား ဒါရိုက်တာ Roman Polanski က ရိုက်ကူးပြီး ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ Polanski ကိုယ်တိုင်လည်း ငယ်စဉ်က ဂျူးတွေကို သီးခြားထားတဲ့ ရပ်ကွက်ထဲ နေခဲ့ရပြီး မိဘတွေ ဖမ်းဆီးခံရတာ၊ မိခင်က Auschwitz မှာ သေဆုံးခဲ့တာနဲ့ ဂျူးတွေ ပစ်သတ်ခံရတာကို မျက်မြင်ကြုံခဲ့ရသူပါ။ Szpilman ကတော့ ရုပ်ရှင်မထွက်မီ နှစ်နှစ်အလိုမှာ ကွယ်လွန်ခဲ့ပါတယ်။ Szpilman အဖြစ် သရုပ်ဆောင်ထားတဲ့ Adrien Brody ဟာ ဒီဇာတ်ရုပ်နဲ့ အသက် ၂၉ နှစ်မှာ ပထမဆုံး အော်စကာဆု ရခဲ့တယ်။ ရုပ်ရှင်ကလည်း အော်စကာဆု ခုနစ်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပြီး သုံးဆု ရရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်