ဒါရိုက်တာ Hal Ashby ရိုက်ကူးထားပြီး မင်းသားကြီး Peter Sellers အဓိကသရုပ်ဆောင်ထားတဲ့ Being There (1979) ရုပ်ရှင်ဟာ ခုချိန်ထိတောင် ခေတ်မဟောင်းသွားဘဲ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးလောကကို ထိထိမိမိ သရော်ထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Chance လို့ခေါ်တဲ့ ဉာဏ်ရည်နိမ့်ပါးပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုံးဝမရှိတဲ့ ဥယျာဉ်မှူးတစ်ယောက်ကို ဗဟိုပြုပြီး ရိုက်ကူးထားတာပါ။ သူက တစ်သက်လုံး သူဥယျာဉ်မှူးအဖြစ် အလုပ်နေတဲ့ အိမ်ကြီးထဲမှာပဲ ဥယျာဉ်စိုက်ရင်း ပြင်ပလောကကို တီဗီကနေပဲ မြင်တွေ့ခဲ့ရသူပါ။ ဒီလိုနဲ့ပဲ အိမ်ရှင်သေဆုံးသွားတဲ့ အခါမှာတော့ သူဟာ ပြင်ပလောကကို ပထမဆုံးအကြိမ် ထွက်လာခဲ့ရပါတယ်။ အဲလို သူထွက်လာပြီးနောက်မှာ ဘာတွေဆက်ဖြစ်မလဲ၊ သူ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဥယျာဉ်မှူး Chance နေရာကနေ လိုက်ပါကြည့်ရှုရမှာပါ။ မင်းသားကြီး Peter Sellers ဟာလည်း ဘာမှမသိတဲ့ Chance ရဲ့ ထုံပေပေပုံစံကို စကားပြောပုံ၊ လမ်းလျှောက်ပုံကအစ အသက်ဝင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်က သာမန်ဟာသကားမျိုးမဟုတ်ဘဲ လူတွေရဲ့ ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ပြီး ဝေဖန်ထားတဲ့ လက်ရာကောင်းတစ်ခုပါ။ IMDb နဲ့ ခရမ်းချဉ်သီးမှာလည်း rating တော်တော်လေးမြင့်တာမို့ တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။
ဇာတ်ကားကြည့်ရန်