A Confucian Confusion (1994) IMDb Rating (7.5) ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အတ်ဒ်ဝတ်ယန်းဟာ ထိုင်ဝမ်ရဲ့ အခမ်းနားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ သတ်မှတ် ခံရတဲ့သူဆိုလည်း ဟုတ်တယ်။ သူ့ရိုက်ခဲ့တဲ့ဇာတ်ကားက အကုန်ပေါင်းမှ ၇ကားပဲ ရှိခဲ့ပေမဲ့ ၇ကားလုံး မှတ်ကျောက်အတင်ခံရတဲ့ ဒါရိုက်တာဆိုလည်း မမှားဘူး။ အကျော်ကြားဆုံးကတော့ A Brighter Summer Day ဖြစ်ပါလိမ့်မယ်။ ဆိုလို့ ယန်းရဲ့ ဒီ၇ကားက ဇာတ်အိမ်တွေ ဘာတွေ အဆန်းကြီးတွေ မပါသလို ဇာတ်အိမ်ပါတယ်လို့တောင် ကျွန်တော်တော့ မထင်ဘူး။ တစ်ချို့ကားတွေမှာ သူက ထိုင်ဝမ်ရဲ့ (သူနေခဲ့တဲ့ကာလရဲ့) လက်ရှိလူနေမှုဘဝကိုပြတယ်။ တစ်ချို့ကားတွေမှာ သူဖြတ်သန်းခဲ့ရတဲ့ ထိုင်ဝမ်ရဲ့ လူနေမှုဘဝကိုပြတယ်။ ဒီလိုပြတယ်ဆိုတာမှာ သူ့ဦးတည်ချက်က လူပုဂ္ဂိုလ်ဇာတ်ကောင် တစ်ဦးတစ်ယောက်ပေါ် တည်ပြီးမပြဘဲ အဲဒီကာလရဲ့ လူအမျိုးမျိုး စိတ်အထွေထွေ အခြေအနေအဖုံဖုံကို ပြတတ်တယ်။ ပြောချင်တာက သူ့ရုပ်ရှင်တွေက ဇာတ်လမ်းတစ်ခုကို ပြောပြချင်တယ်ဆိုတာထက် သူတင်ပြချင်တဲ့အရာတွေကို တစ်ပိုင်းတစ်စစီ Fragementaionsဆန်ဆန်ပြနေတာကို ဇာတ်လမ်းဆိုတဲ့ ဘောင်တစ်ခုအပေါ် စီထည့်ထားပေးထားသလို ခံစားရတယ်။ ဇာတ်လမ်းထဲမှာ ဇာတ်ကောင်တွေကို စီတာမဟုတ်ဘဲ ဇာတ်ကောင်တွေကိုစီပြီး ဇာတ်လမ်းကို ပုံဖော်လိုက်တဲ့ ပုံစံမျိုးလို့ပြောရမယ်။ A Confucian Confusionမှာ ယန်း ပြတဲ့ထိုင်ပေက ဒီကားကို ရုံတင်တဲ့နှစ်က ထိုင်ပေပဲ။ ၉၄ပဲ။ မျက်မှောက်ခေတ်ပေါ့။ တိုးတက်လာပြီးဖြစ်တဲ့ ထိုင်ဝမ်ရဲ့ လူနေမှုစနစ်ထဲက အရှုပ်အထွေးတွေကို ပြထားတယ်။ ဘာလို့ A Confucian Confusion။ ကွန်ဖြူးရှပ်ပြဿနာလဲဆိုတော့ ဒီလို ကွန်ဖြူးရှပ်က လူမှုစနစ်တိုးတက်အောင် စနစ်ထွန်းကားအောင် လူတွေကို ချမ်းသာအောင် လုပ်ပေးဖို့လိုတယ်လို့ပြောခဲ့တယ်။ ဆိုပေမဲ့ ချမ်းသာအောင် လုပ်ပေးပြီးရင်ရောဆိုတဲ့ မေးခွန်းနဲ့ ဒီဇာတ်ကို စဖွင့်ထားတယ်။ မေးသင့်တဲ့မေးခွန်းပဲ။ ဘာလို့ဆို ဒီဇာတ်တည်ရာကာလမှာကတည်းက ထိုင်ဝမ်က တော်တော်ကြီးပွားတိုးတက်နေတဲ့ နိုင်ငံဖြစ်နေပြီ။ ဆိုတော့ ကွန်ဖြူးရှပ်ပြောသလိုပဲ ချမ်းသာအောင်တော့ လုပ်ပေးပြီးပြီ။ ဆိုပေမဲ့ ပြဿနာက ချမ်းသာလာပေမဲ့ လူနေမှုဘဝတွေက ပိုပြီးရှုပ်ထွေးလာတာကို သူတို့ကြုံနေရတယ်။ အချစ်ရေး ၊ ဆက်ဆံရေး၊ လုပ်ငန်းခွင်၊မိသားစု အဘက်ဘက်ကနေ တိုးတက်မှုဟာ လူ့ဆက်ဆံရေးအကုန်လုံးကို ရိုက်ခတ်နေခဲ့တယ်။ ဒါကို ယန်းက တင်ပြထားတယ်။ ဒီအခြေအနေကို တင်ပြရာမှာ ယန်းက ဇာတ်ကောင်တွေအများကြီးကို သုံးထားတယ်။ လူတန်းစားအလွှာလွှာက စရိုက်အဖုံဖုံမှာ ရှိနေတဲ့ ပြဿနာတွေကို ဇာတ်ကောင်ပေါင်းစုံသုံးပြီးတင်ပြထားတယ်။ စီးပွားရေးသမား ၊ အနုပညာသမား၊ ကုမ္ပဏီဝန်ထမ်းအကုန်ပေါ့။ ဒီမှာတစ်ခုရှိတာက သူတင်ဆက်ပုံက အဆိုးမြင်တယ်လို့ ပြောလည်းရတယ်။ ဟုတ်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ထဲ သူ့အတွေးအခေါ်ကို စီးကူးပေးဖို့ ဇာတ်ကောင်တစ်ကောင်ပါတယ်။စာရေးဆရာဇာတ်ကောင်။ အဲဒီစာရေးဆရာက ငယ်ငယ်ကတော့ လောကကြီးကို အကောင်းဘက်က မြင်တဲ့ ဝတ္ထုတွေရေးပြီး အောင်မြင်မှုရခဲ့တယ်။ ဒီလိုနဲ့ အိမ်ထောင်တွေဘာတွေကျပြီးမှ သူက လောကကြီးကို ကြောင်သူတော်ဆန်တဲ့လောကကြီးလို့ မြင်လာတယ်။ ဆိုတော့ သူ့မိန်းမဆီကနေ ထွက်လာပြီး သူ့ဘာသာ တိုက်ခန်းလေးတစ်ခုမှာ သူ့အမြင်အသစ်ကို ချပြဖို့ စာလာရေးနေတယ်။ ကွန်ဖြူးရှပ်အရှုပ်အထွေးဆိုတဲ့နာမည်က သူရေးနေတဲ့ စာအုပ်နာမည်လည်းဟုတ်တယ်။ နှစ်တွေသာကြာလာတယ်။ အဲဒီဇာတ်ကောင်ရဲ့ လောကကြီးကို အရွှဲ့တိုက်မှုက ဘာမှဆက်မဖြစ်လာခဲ့ဘူး။ နောက်ဆုံးကျ သူတစ်ခုခုကို ပြန်မြင်သွားခဲ့တယ်။ ဒီဇာတ်ကောင်လို ရွေးချယ်မှုမျိုးရော ဒီဇာတ်ကောင်လို မြင်လာတဲ့ အမြင်ကိုရော ကျွန်တော်ကြုံဖူးတဲ့နောက် ဒီဇာတ်ကောင်ကို မြင်နိုင်တဲ့ အတ်ဒ်ဝတ်ယန်းကို မလေးစားဘဲတော့ မနေနိုင်ဘူး။ ဒီဇာတ်ကောင်က ဒီရုပ်ရှင်ကို ရစ်သိုင်းထားတဲ့ ဇာတ်ကောင်တွေထဲက တစ်ကောင်ပါပဲ။ အတ်ဒ်ဝတ်ယန်းရဲ့ A Confucian Confusion မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေ အများကြီးပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးရဲ့ ဆက်ဆံရေးတွေကြားက ယိုယွင်းလာမှုကို ပြတယ်လို့ ပြောလို့ရတယ်ဆိုတော့ လူ့ဆက်ဆံရေးတွေကို အဓိကယိုယွင်းစေမှာက ဖောက်ပြန်မှုတွေ သံသယတွေ မယုံကြည်မှုတွေပဲလို့ ပြောလို့ရတယ်ဆိုတော့ ယန်းက ဒီရုပ်ရှင်မှာ ဖောက်ပြန်မှုတွေ သံသယတွေကိုလည်း အများကြီးပြသွားတယ်။ ဆိုပေမဲ့ တစ်မျိုးတည်းမဟုတ်ဘူး။အကြောင်းရင်းတစ်ခုခုရှိခြင်းနဲ့ မရှိခြင်းဆိုတဲ့ စည်းတော့ခြားတယ်။ ကောင်းခြင်းမကောင်းခြင်းရဲ့ လူ့အပေါ်ယံအမြင်သက်သက်နဲ့ မြင်နိုင်တန်စွမ်းက တိုက်ရိုက်အချိုးမကျတာကိုလည်း ပြထားတယ်။ ဆိုတော့ ဒီရုပ်ရှင်က တော်တော်စုံစုံစေ့စေ့ကို မျက်မှောက်ခေတ်လူ့ဆက်ဆံရေးဆိုတဲ့အကြောင်းအရာကို ပြထားတယ်လို့ မြင်တာပါပဲ။ ထွက်တာက အခုဆို အနှစ်၃၀ကျော်ပြီပေမဲ့ သူတင်ပြခဲ့တဲ့ အချက်တွေဟာ အခုထက်ထိ သစ်နေတုန်းပါပဲ။ ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း လူတွေဟာ လူတွေပဲ မဟုတ်လို့လား။ ရှေးရှေးတုန်းက မြူတွေက ပိုချမ်းအေးခဲ့သလို ရှေးရှေးတုန်းက လူတွေက ပိုအေးချမ်းခဲ့လိမ့်မယ်။ ခေတ်တွေနဲ့ တိုက်ရိုက်မချိုးကျဘူးလို့ ပသို့ပဲဆိုဆို အလိုတွေမြောင် အပူတွေတိုးရင်း။ ပိုကောင်းတဲ့လူ့ဘောင်ကိုရရင် အားလုံးချမ်းသာလာမလား။ အားလုံးချမ်းသာကုန်ရင် ပိုကောင်းတဲ့ လူ့ဘောင်ကို ရလာမလား။ အနာဂတ်ဆီ မျှော်ရည် ကြံဆသမျှတို့ဟာ မအေးချမ်းနိုင်ဘူး ဆိုတဲ့ သေချာတဲ့ပစ္စုပ္ပန်။ သူ့ကိုယ်သူ ကွန်ဖျူးရှပ်ဝင်စားတယ် ထင်နေတဲ့ လောကကိုကယ်တင်ချင်တဲ့ လူတစ်ယောက်ဟာ ကမ္ဘာကို အဆက်ဖြတ်ထားတယ်။ ဟိုးတုန်းကတော့ သူသူကိုယ်ကိုယ် လောကကို စတင်တွေ့ရှိချိန်။ အခက်တွေက အခက်တွေ အပျော်တွေက အပျော်တွေ သီးသန့်စီ။ ချစ်ခြင်းလား။ ဒီလောကရဲ့ အသန့်စင်အမွန်မြတ်ဆုံးအရာ။ ငါတို့ယုံခဲ့တယ်။ အကောင်းဘက်က ကြည့်တဲ့ လောကကြီးဟာ အဲဒီလူရဲ့ ကမ္ဘာမှာလည်း နေမင်းပြုံးလို့ နေ့တိုင်းလှခဲ့မယ်။ အနေကြာလာရင် ဘဝဟာ အခိုင်မာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်ဆိုတဲ့စကားက အလကားတော့မဟုတ်ဘူး။ ရှာဖွေလေ တွေ့ရှိလေဆို လူတွေဟာ ပြောင်းလဲလာကြတယ်။ တစ်ချိန်တစ်ခါက အသန့်စင်အမွန်မြတ်ဆုံးအရာ, နေ့တိုင်းလှတဲ့ကမ္ဘာဟာ အရှိတရား ရှေ့မှောက်တည့်တည့်ရောက်လာရင် ယေဘုယျတွေသက်သက် ဖြစ်သွားမယ်။ ကွန်ဖျူးရှပ် လူဝင်စားဟာ ရိုမန့်တစ်သိပ်ဆန်တဲ့လူဖြစ်ခဲ့တယ်။ ပိုမျှော်လင့်ထားရင် ပိုစိတ်ပျက်ရတတ်သလား။ အရှိတရားရှေ့တည့်တည့်မှာ ကွန်ဖျူးရှပ်လူဝင်စား ငါ့အတွက်မသက်ဆိုင်တဲ့နေရာလို့ ကမ္ဘာကို လက်လျော့သွားတယ်။ ကမ္ဘာကို ပြန်ပြင်ချင်ခဲ့တဲ့အကြောင်း နှစ်ပေါင်းများစွာ ချောင်တစ်ချောင်မှာ သူကြိုးစားတည်ဆောက်ပေမဲ့ ကမ္ဘာကို သူပြန်ဝင်မိတဲ့နေ့မှာပဲ တည်ဆောက်ခဲ့သမျှက လေလွင့်ဖို့ ဖြစ်လာခဲ့တယ်။ ထင်သလောက်ကောင်းတဲ့ လောကကြီးတော့ မဟုတ်ပေမဲ့ ထင်သလောက်မကောင်းတဲ့ လောကကြီးလည်း မဟုတ်ခဲ့ပါဘူး။ ဒဿနတွေထဲ ဘယ်တော့မှ မနေတဲ့ သူရှာနေတဲ့အရာဟာ ဗုဒ္ဓဆိုသလို အလယ်တည့်တည့်မှာ။ တည်ဆောက်မှုတွေအကြောင်း ဒီအရွယ်ဒီအချိန်ဆို အသင့်အတင့်တော့ သိခဲ့ပြီးပြီမဟုတ်လား။ ဘဝလမ်းအစခရီးကို အတူတူလှမ်းဖို့ တစ်စုံတစ်ယောက်လည်း ရှိခဲ့ပြီးပြီ မဟုတ်လား။ ဘဝအသစ်ကို ပေးဖို့ ငါတို့ ဖြစ်ချင်သမျှဆိုတဲ့ ခက်ခဲလှတဲ့ ပန်းတိုင်တွေ။ ရိုးရိုးကျင့် မြင့်မြင့်ကြံရင်း တိုးတက်လာခဲ့တယ်လို့ ထင်ရတဲ့ နိုင်ငံလေးတစ်ခုမှာ ရိုးရိုးကျင့်မြင့်မြင့်ကြံရင်း တစ်ဦးတစ်ယောက်ထံ ဘဝအသစ်တစ်ခုကို ပေးချင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ တစ်ဦးနဲ့မယှဉ်နိုင်တဲ့လောကကို နှစ်ဦးပြိုင်မယ်ဆိုပြီး အတူတူကြိုးစားခဲ့ကြတဲ့ ချစ်သူတွေ။ အတူတူကြိုးစားခြင်းဆိုတဲ့ စကားလုံးဟာ ချစ်သူတွေကြား သိပ်လှတယ်ဆိုတဲ့အကြောင်း ငါကြားဖူးတယ်။ တစ်ဦးတွေ့တဲ့အခက် တစ်ဦးကူရင်း ငါပျော်ရင်တော့ ခွဲပေးပြီး ငါမပျော်ရင်တော့ ခွဲမပေးချင်တော့တဲ့ အခါတွေပေါ့။ ပျော်ရင်ခွဲပေးပြီး မပျော်ရင်မခွဲပေးချင်တော့တာ ချစ်ခြင်းရဲ့ပြယုဂ်တစ်ခုလို့ ငါယုံပေမဲ့ တစ်ခါတလေ ကမ္ဘာဟာ ဒီလောက်မရိုးရှင်းဘူး။ မပျော်စရာ ပျော်စရာ အကုန်ဝေမျှရင်းလည်း အချစ်ဖြစ်တတ်တာပဲ။ နှစ်ဦးတွေ့တဲ့အခက်ကို တစ်ဦးမှ မကူနိုင်တော့တဲ့အခါ လူဟာ လူပီပီသသ အပြစ်တို့ ထင်လာမယ်။ ဒီလိုသာပဲ ကောင်လေးနဲ့ ကောင်မလေး ဝေးသွားတယ်။ ဒီလောက်မှ မရှိရင် မဖြစ်ပါဘူးလို့ တစ်နေရာက လှမ်းမြင်တဲ့အရာတွေဟာ တကယ်တမ်း ဘာမှမရှိတော့ရင်တောင် ဘာမှမဖြစ်တော့တာကို ရောက်တဲ့အခါ မြင်လာတာပါပဲ။ ထင်တာထက် ခက်ခဲ့တဲ့ကမ္ဘာဟာ နေပျော်နိုင်သရွေ့ ထင်သလောက်လည်း မခက်တဲ့အရာြဖစ်လာခဲ့တယ်။ တူနှစ်ကိုယ်တဲအိုပျက်ဖို့ မလိုသလို မမီသာတဲ့ မိုးမဏ္ဍပ်ကြီးကိုတည်ဆောက်ဖို့လည်း မလိုခဲ့ဘူး။ အနာဂတ်ဆီ မျှော်ရည် ကြံဆသမျှတို့ဟာ မအေးချမ်းနိုင်ဘူး ဆိုတဲ့ သေချာတဲ့ပစ္စုပ္ပန်။ ရုပ်ဝတ္တုထဲ ဘယ်တော့မှ မတည်တဲ့ သူရှာနေတဲ့ ကမ္ဘာဟာ ဗုဒ္ဓဆိုသလို အယ်တည့်တည့်မှာ။ ဒီတိုင်းလည်း ဖြစ်တယ်။ ဒီထက်လည်း တိုးဦးမယ်။ ဒီထက်လည်း လျော့ဦးမယ်။ ဒီတိုင်း လည်းဖြစ်ပါတယ်။ ချစ်ခဲ့ရင် ဒီတိုင်းလည်း ဖြစ်တယ်။ ချစ်ခဲ့ရင် ဒီထက်လျော့လည်း ဖြစ်တယ်။ ချစ်ခဲ့ရင် ဒီထက်လည်း တိုးလိမ့်မယ်။ ချစ်ခဲ့ရင် ဒီတိုင်းလည်း ဖြစ်တယ်။ ချစ်ခဲ့ရင်ပေါ့။ ချစ်ခဲ့ရင်။ File size… (4.6 GB) / (1.7 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Romance Duration…. 02:09:33 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်