Love in a Fallen City (1984) ဒီဇာတ်ကားလေးကတော့ ၁၉၈၄ မှာ ထွက်ရှိခဲ့ပြီးတော့ တရုတ် ဂျပန်စစ်ပွဲကာလ ခေတ်ပျက်ကြီးထဲမှာ ဘိုဆန်ဆန် တရုတ်လူမျိုးနဲ့ တစ်ခုလပ်အမျိုးသမီးတို့အကြား ပေါက်ဖွားလာတဲ့ အချစ်မေတ္တာအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ လျိုစုဟာ အသက် ၂၈ နှစ် ရှိပြီဖြစ်ပြီးတော့ သူလက်ထပ်ခဲ့တဲ့ ယောက်ျားက ဆိုးသွမ်းအကြမ်းဖက်လွန်းတာကြောင့် ကွာရှင်းခဲ့ပြီး မိဘအိမ်မှာ ပြန်သောင်တင်နေရတဲ့ တစ်ခုလပ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ အနေကြာလာတော့ မိဘအိမ်က အစ်ကိုဖြစ်သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ၊ သားသမီးဖြစ်သူတွေကပါ လျိုစုကို ကျွေးမွေးနေရတာကို မကြည်ဖြူတော့တဲ့အတွက် ပေါ်တင် ဒဲ့ပြောတာလည်း ရှိသလို၊ ရွဲ့စောင်းချိတ်ပြီး သွယ်ဝိုက်ကာ မကျေနပ်ကြောင်းကိုလည်း တွတ်ထိုးလေ့ရှိပါတယ်။ နောက်ဆုံး သားဖြစ်သူရဲ့ လုပ်စာနဲ့ အိုဇာတာဆက်နေရတဲ့အမေကပါ လျိုစုဘက်က ကာမပြောပေးနိုင်တဲ့အတွက် လျိုစုခမျာ ဒုက္ခနဲ့လှလှ တွေ့နေရပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ အင်္ဂလန်နဲ့ တရုတ်ကို ကူးချည်သန်းချည် ကုန်သွယ်နေတဲ့ တရုတ်နွယ်ဖွား စီးပွားရေးသမား မစ္စတာ ဖန်ဟာ ရှန်ဟိုင်းကိုလာရင်း တစ်ခုလပ် မျက်နှာမွဲလေး လျိုစုကို မျက်စိကျသွားခဲ့ပါတယ်။ ဒီတော့ ခေတ်မီပြီး အမြင်ပွင့်လင်းတဲ့ မစ္စတာဖန်နဲ့ ရှေးရိုးစွဲ အစဉ်အလာနဲ့ မိသားစုလက်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ လျိုစုတို့ကို ကံတရားက ဘယ်လိုများ လမ်းခင်းပေးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်