လူဖြူအမျိုးသားတစ်ယောက်နဲ့ လူမဲအမျိုးသမီးတစ်ယောက်ဟာ မီခါဆိုတဲ့ တရုတ်ကလေးမလေးကို မွေးစားထားကြပါတယ်။ နှစ်ယောက်စလုံးက အလုပ်များကြပေမယ့် သမီးလေးကို သူ့မူလမျိုးရိုးရဲ့ ယဉ်ကျေးမှုအကြောင်း သိစေချင်ကြတယ်။ ဒါကြောင့် တရုတ်လူမျိုးအသွင်ရှိပြီး တရုတ်ယဉ်ကျေးမှုအကြောင်း သိတဲ့ ယန်းကို ဝယ်ပေးလိုက်ကြပါတယ်။ ယန်းက Techno-Sapien လို့ခေါ်တဲ့ နည်းပညာနဲ့ ဖန်တီးထားတဲ့ လူသားပုံစံတစ်မျိုးပါ။ ယန်းရဲ့ အသိဉာဏ်က သူတို့ထင်ထားတာထက် ပိုမြင့်နေပြီး မီခါကို တရုတ်ယဉ်ကျေးမှုအကြောင်း သင်ပေးရုံမက အစ်ကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ မီခါကလည်း ယန်းကို အလွန်အားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ယန်း ရုတ်တရက် ပါဝါကျပြီး ရပ်သွားတဲ့အခါ မိသားစုဟာ ယန်းမရှိဘဲ နေရတဲ့အခြေအနေနဲ့ ကြုံလာရတယ်။ ဇာတ်လမ်းက အဲဒီနောက်ပိုင်း သူတို့ရဲ့ဘဝကို အခြေခံပြီး ဆက်သွားတာပါ။ ကလေးတစ်ယောက်ကို မွေးစားခြင်း၊ သူနေထိုင်ကြီးပြင်းရာ မိသားစုနဲ့ မူလမျိုးရိုးတို့အကြား ဆက်နွယ်မှုကိုလည်း ထည့်ပြထားပါတယ်။ ကိုင်းကူးကိုင်းဆက်ထားတဲ့ အကိုင်းဟာ လက်ရှိသစ်ပင်နဲ့ တစ်သားတည်းဖြစ်လာနိုင်ပေမယ့် မူလသစ်ပင်ကလည်း အရေးပါနေဆဲဆိုတဲ့ ဥပမာကို သုံးထားတယ်။ လူသားမဟုတ်တဲ့ ယန်းက ဒီမိသားစုအတွက် လူတစ်ယောက်လို အရေးပါလာတာနဲ့အတူ သံယောဇဉ်ဟာ သက်ရှိ၊ သက်မဲ့ဆိုတဲ့ ခွဲခြားမှုအပေါ်ပဲ မူတည်နေသလားဆိုတာကိုလည်း စဉ်းစားစရာဖြစ်လာစေပါတယ်။ တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကို ခံစားတဲ့အခန်း၊ လောင်ဇူးရဲ့ ဒဿနကို ဆွေးနွေးကြတဲ့အခန်းနဲ့ သစ်တောထဲမှာ အချိန်ရှည်ဆက်တိုက် ရိုက်ထားတဲ့ အိပ်မက်ဆန်ဆန်အခန်းတွေ ပါဝင်ပါတယ်။ လူသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုတတ်မှုနဲ့ ကလေးမွေးစားရေးအကြောင်းတို့ကိုလည်း ထိတွေ့ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဒရာမာပါ။ “Saying Goodbye to Yang” ဝတ္ထုတိုကို မှီငြမ်းပြီး Columbus ကို ရိုက်ကူးခဲ့တဲ့ Kogonada က ရိုက်ကူးထားတာဖြစ်ပါတယ်။ A24 က ဖြန့်ချိထားပြီး ကိန်းနဲ့ Sundance ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်