အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်ကသာ အခရာဖြစ်နေတဲ့ မြို့ငယ်လေးတစ်ခုမှာ အမျိုးသမီးတွေဟာ ပညာသင်ခွင့်မရဘဲ စာတောင် မရေးမဖတ်တတ်တဲ့ဘဝနဲ့ နေကြရပါတယ်။ အမြဲအနိုင်ကျင့်ခံ၊ အောက်ကျို့ခံနေရတဲ့ သူတို့အပေါ် လိင်အကြမ်းဖက်မှုတွေပါ ကျူးလွန်လာတဲ့အခါ အမျိုးသမီးတွေ စုပေါင်းပြီး ကျူးလွန်သူတွေကို ဖမ်းလိုက်ကြတယ်။ မကြာခင် ရဲတွေ လာခေါ်သွားပေမယ့် အကြောင်းကတော့ ဒေါသထွက်နေတဲ့ အမျိုးသမီးတွေလက်ကနေ ကျူးလွန်သူတွေကို ကာကွယ်ပေးဖို့ ဖြစ်နေပါတယ်။ မြို့က အမျိုးသားတွေက ကျူးလွန်သူတွေအတွက် အာမခံပေးကြသလို အမျိုးသမီးတွေကိုလည်း နှစ်ရက်အတွင်း ခွင့်လွှတ်ပေးဖို့ ပြောလာကြတယ်။ ခွင့်မလွှတ်နိုင်ရင် မြို့ကနေ နှင်ထုတ်ခံရမှာပါ။ ဒီတော့ ဘာမှမလုပ်ဘဲ ဆက်နေမလား၊ ဒီမှာပဲနေပြီး ပြန်ရင်ဆိုင်မလား၊ ဒါမှမဟုတ် ထွက်သွားမလားဆိုတဲ့ လမ်းသုံးလမ်းထဲက တစ်ခုကို ရွေးဖို့ မြို့ခံအမျိုးသမီးတွေကိုယ်စား အမျိုးသမီးတစ်စုက နှစ်ရက်အတွင်း ဆွေးနွေးဆုံးဖြတ်ရပါတော့တယ်။ အနိုင်ကျင့်ခံရသူကိုပဲ အပြစ်ပြန်တင်တတ်တဲ့ အသိုင်းအဝိုင်းထဲမှာ တစ်သက်လုံး နေလာခဲ့ကြသူတွေအတွက် ဒီဆုံးဖြတ်ချက်က မလွယ်ပါဘူး။ မြို့က နှင်ထုတ်ခံရရင် ကောင်းကင်ဘုံမရောက်နိုင်ဘူးလို့ ယုံကြည်အောင် သွန်သင်ခံထားရတာက တစ်ဖက်၊ နေသားကျနေတဲ့ ဘဝထဲကနေ ရုန်းထွက်ဖို့ ခက်နေတာက တစ်ဖက်ပါ။ အပြစ်ထပ်တင်ခံရမှာကိုလည်း ကြောက်နေကြတဲ့ သူတို့ဟာ အတိတ်က အနိုင်ကျင့်မှုတွေအောက်ကနေ လွတ်မြောက်ဖို့နဲ့ ကိုယ့်အခွင့်အရေးကို ရဖို့ အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ Sarah Polley ရဲ့ ဒီဒရာမာဟာ နေရာတစ်ခုတည်းမှာ အဓိကဇာတ်တည်ပြီး အမျိုးသမီးတွေရဲ့ စကားဝိုင်းကနေ ဇာတ်လမ်းကို ဆက်သွားထားတာပါ။ Claire Foy နဲ့ Rooney Mara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်