တစ်ခါတလေ ကိုယ်ရွေးခဲ့တဲ့လမ်းအစား တခြားလမ်းကို ရွေးခဲ့ရင်၊ တစ်ယောက်ယောက်ကို ခွင့်လွှတ်ခဲ့ရင် ဒါမှမဟုတ် ခွင့်မလွှတ်ခဲ့ရင် အခုဘဝက ဘယ်လိုဖြစ်နေမလဲလို့ တွေးမိတတ်ကြပါတယ်။ Sliding Doors ကတော့ ရထားတစ်စီးကို မီလိုက်သလား၊ မမီလိုက်ဘူးလားဆိုတဲ့ အခိုက်အတန့်လေးကနေ လူတစ်ယောက်ရဲ့ဘဝ ဘယ်လိုကွဲပြားသွားနိုင်မလဲဆိုတာကို အချစ်ဒရာမာတစ်ပုဒ်အဖြစ် ပြထားတာပါ။ ဟယ်လန်ဆိုတဲ့ မိန်းကလေးဟာ အလုပ်ပြုတ်သွားပြီး အိမ်ပြန်လာပါတယ်။ သူသာ ရထားမီပြီး အိမ်ကို စောစောရောက်ခဲ့ရင် ရည်းစားဖောက်ပြန်နေတာကို တွေ့သွားနိုင်တယ်။ အဲဒီလို သိလိုက်ရတဲ့ ဟယ်လန်ရဲ့ဘဝက ဘယ်ဘက်ကို ပြောင်းသွားမလဲ။ တစ်ဖက်မှာတော့ ရထားမမီလို့ အိမ်ပြန်နောက်ကျခဲ့ရင် ရည်းစားရဲ့ မပိရိတဲ့ အလိမ်အညာတွေကြား သံသယတွေနဲ့ပဲ ဆက်နေရဦးမှာလား။ ရထားရဲ့ လျှောတံခါးနှစ်ချပ်လို ကွဲထွက်သွားတဲ့ ဒီအခြေအနေနှစ်ခုက ဟယ်လန့်ကို ဘယ်လိုအဆုံးသတ်တွေဆီ ခေါ်သွားမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်ကားကြည့်ရန်