အဗာလိုနီးယားဆိုတဲ့ တိုင်းပြည်ကို တောင်တန်းအထပ်ထပ်က ဝန်းရံထားပါတယ်။ တောင်တန်းတွေရဲ့ တစ်ဖက်မှာ ဘာရှိလဲဆိုတာ ဘယ်ပြည်သူမှ မသိကြသလို အရင်က စူးစမ်းဖို့ ကြိုးစားခဲ့သူတွေလည်း မအောင်မြင်ခဲ့ကြပါဘူး။ နာမည်ကြီးစူးစမ်းရှာဖွေသူ ဂျေဂါကလေ့ဒ်ကတော့ အဲဒီတောင်တွေကို ကျော်ဖြတ်ဖို့ ဇွဲမလျှော့ဘဲ ကြိုးစားနေသူပါ။ ခရီးတစ်ခုမှာ တောင်တန်းတွေကို ကျော်နိုင်တော့မယ့် အလားအလာ မြင်လာချိန်မှာပဲ သူ့သားလည်းဖြစ်၊ လက်ထောက်လည်းဖြစ်တဲ့ ဆာချာကလေ့ဒ်က ထူးဆန်းပြီး လက်လက်ထနေတဲ့ အပင်တစ်မျိုးကို တွေ့သွားပါတယ်။ ခရီးဆက်မလား၊ အပင်ကို အဗာလိုနီးယားဆီ ပြန်သယ်သွားမလားဆိုတာ သားအဖနှစ်ယောက် သဘောထားကွဲကြတယ်။ အဖွဲ့သားတွေကလည်း ဆာချာဘက်မှာ ရှိနေတဲ့အတွက် ဂျေဂါဟာ တစ်ယောက်တည်း ရှေ့ဆက်ပြီး သားနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေလိုက်ပါတယ်။ အဲဒီနောက် ဂျေဂါ့သတင်းကို မကြားရတော့ပါဘူး။ ဆာချာကတော့ သူတွေ့ခဲ့တဲ့ ပန်ဒိုအပင်ကို စိုက်ပျိုးသုတေသနလုပ်ရင်း အပင်ကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့တယ်။ အဲဒီစွမ်းအင်ကို လျှပ်စစ်လို အသုံးပြုနိုင်လာတာကြောင့် အဗာလိုနီးယားရဲ့ လူနေမှုအဆင့်အတန်း မြင့်တက်လာပြီး ဆာချာလည်း လေးစားခံရတဲ့ အထင်ကရပုဂ္ဂိုလ် ဖြစ်လာပါတယ်။ တစ်နေ့မှာ သူ့အိမ်ရှေ့စိုက်ခင်းဆီကို မြို့မှာသုံးနေကျ လေသင်္ဘောအငယ်စားတွေထက် ကြီးမားတဲ့ယာဉ်တစ်စီး ရောက်လာတယ်။ ယာဉ်နဲ့အတူ ရောက်လာသူက အဗာလိုနီးယားသမ္မတ မောလ်ပါ။ သူက အရင်က ဂျေဂါရဲ့ခရီးစဉ်မှာ လိုက်ပါခဲ့ဖူးတဲ့ အဖွဲ့သားတစ်ယောက်လည်း ဖြစ်ပါတယ်။ မောလ်ရဲ့ပြောပြချက်အရ တိုင်းပြည်ရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ ပန်ဒိုအပင်တွေ အန္တရာယ်ကြုံနေရပြီဆိုတာ ဆာချာ သိလိုက်ရတယ်။ ပန်ဒိုကို ကယ်ဖို့ စီစဉ်ထားတဲ့ ခရီးမှာ သူ့ကိုလည်း လိုက်စေချင်တာကြောင့် ဆာချာ မငြင်းသာတော့ပါဘူး။ ဆာချာ ခရီးထွက်ရတော့မယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက်သား အီသန်ကလည်း အတင်းလိုက်ချင်နေပါတယ်။ အီသန် ဒီခရီးမှာ ပါသွားမလား၊ ပန်ဒိုကို ဒုက္ခပေးနေတဲ့အရာရဲ့ ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ရှာဖွေတားဆီးနိုင်မလားဆိုတာ ဆက်တွေ့ရမှာပါ။ ဝေါ့လ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ်အန်နီမေးရှင်းဖြစ်ပြီး ဆန်းပြားတဲ့ သတ္တဝါတွေ၊ ရှုခင်းတွေနဲ့ စွန့်စားခန်းတွေကို ဖန်တီးထားပါတယ်။ သားအဖနဲ့ အဘိုးအမြေးကြားက သံယောဇဉ်၊ လူကြီးနဲ့လူငယ်ကြား သဘောထားမတူမှုတွေကိုလည်း ထည့်သွင်းထားသလို လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ အကြောင်းအရာအချို့လည်း ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်