မတော်တဆမှုတစ်ခုက မိသားစုသုံးစုရဲ့ဘဝကို ဆက်စပ်သွားစေပါတယ်။ မတော်တဆမှုကို ကြုံရတဲ့ မိသားစု၊ အဲဒီအမှုကို ဖြစ်စေခဲ့သူနဲ့ သေဆုံးသွားသူရဲ့ နှလုံးကို ရရှိလိုက်သူတို့ပါ။ 21 Grams ဟာ သေခြင်းနဲ့ နီးကပ်နေသူ၊ အပြစ်ရှိသူနဲ့ ကျန်ရစ်သူတို့ဆီမှာ လူတစ်ယောက် ဆုံးပါးသွားခြင်းက ဘယ်လိုဝန်ထုပ်ဝန်ပိုးတွေ၊ အပြစ်ရှိစိတ်တွေ ချန်ထားခဲ့သလဲဆိုတာကို ပြထားပါတယ်။ ဇာတ်ကားအမည်က ၁၉၀၇ ခုနှစ်မှာ Duncan MacDougall ထုတ်ဝေခဲ့တဲ့ “The 21 Grams Experiment” ဆိုတဲ့ စာတမ်းနဲ့ ဆက်စပ်နေပါတယ်။ သူတင်ပြခဲ့တဲ့ သီအိုရီအရ လူ့ဝိညာဉ်မှာ အလေးချိန်ရှိပြီး လူသေဆုံးပြီးချင်း အလေးချိန် ၂၁ ဂရမ် လျော့သွားတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကတော့ အဲဒီ ၂၁ ဂရမ်ဆိုတဲ့ အယူအဆကနေ ဆုံးရှုံးမှုအကြောင်း မေးခွန်းထုတ်ထားတာပါ။ လူတစ်ယောက် ဆုံးပါးချိန်မှာ ဘာတွေ ဆုံးရှုံးသွားသလဲ၊ ကျန်ရစ်သူတွေကရော အဲဒီဆုံးရှုံးမှုကို ဘယ်လောက်အထိ ခံစားကြရသလဲဆိုတာကို ဇာတ်ကောင်တွေရဲ့ ဘဝတွေကနေ ပြောထားပါတယ်။ ဒါရိုက်တာ Alejandro G. Iñárritu က အဖြစ်အပျက်တွေကို အချိန်အစဉ်အလိုက် မဟုတ်ဘဲ ရှေ့နောက်ပြောင်းပြီး တင်ပြထားတယ်။ အစပိုင်းမှာ ဘယ်သူက ဘယ်မိသားစုနဲ့ ဆက်နွယ်နေသလဲဆိုတာ ရောထွေးနေနိုင်ပေမယ့် ဇာတ်လမ်းဆက်သွားတာနဲ့ အဖြစ်အပျက်တွေကို တဖြည်းဖြည်း ဆက်စပ်မိလာပါတယ်။ Sean Penn၊ Benicio Del Toro နဲ့ Naomi Watts တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက သေခြင်းကို အခြေခံထားတဲ့ Alejandro ရဲ့ Death Trilogy ထဲက ဒုတိယကားပါ။ Amores perros (၂၀၀၀)၊ 21 Grams (၂၀၀၃) နဲ့ Babel (၂၀၀၆) တို့ ပါဝင်ပြီး သုံးကားစလုံးရဲ့ ဇာတ်ညွှန်းရေးသူက Guillermo Arriaga ဖြစ်ပါတယ်။ သုံးကားစလုံး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှု ရခဲ့ကြသလို Alejandro ရဲ့ တခြားလက်ရာတွေထဲမှာ Birdman၊ The Revenant နဲ့ Biutiful တို့လည်း ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်