အက်ဒမ်စ်မိသားစုက သာမန်လူတွေ လက်ခံထားတဲ့ ကျင့်ဝတ်တွေ၊ အတွေးအမြင်တွေနဲ့ လွဲနေတဲ့သူတွေပါ။ သူတို့အတွက် သဘောရိုးနဲ့ လုပ်လိုက်တဲ့ကိစ္စက တခြားလူအတွက်တော့ ခြေထိုးခံရသလို ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်က နားမလည်နိုင်တဲ့အကြည့်တွေနဲ့ ကြည့်ကြပေမယ့် သဘောချင်းတူတဲ့ အမျိုးအဆွေတွေကြားမှာတော့ ချစ်ခင်လေးစားခံရပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ပျော်ရွှင်ရွှင် နေကြပါတယ်။ ဒါပေမဲ့ နှစ်စဉ်ကျင်းပတဲ့ ဝိညာဉ်ခေါ်ပွဲညမှာတော့ ဒီမိသားစုလည်း စိတ်မချမ်းသာကြဘူး။ မိသားစုဦးစီး ဂိုမက်ဇ်ရဲ့အစ်ကို ဖက်စတာဟာ အိမ်ကထွက်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာကြောင့် အားလုံးက သေဆုံးသွားပြီလို့ ယူဆထားကြတယ်။ သူ့ဝိညာဉ်ကို ပြန်ခေါ်ဖို့ ၂၄ နှစ်တိုင် ကြိုးစားခဲ့ပေမယ့် ဘာမှမထူးခြားခဲ့ပါဘူး။ ၂၅ နှစ်မြောက်ညမှာတော့ ဖက်စတာဆိုသူက ဝိညာဉ်အဖြစ်မဟုတ်ဘဲ လူအကောင်အထည်နဲ့ ပြန်ရောက်လာလို့ အားလုံး အံ့သြဝမ်းသာသွားကြပါတယ်။ မျှော်နေရတဲ့အစ်ကို ပြန်လာပေမယ့် မသင်္ကာစရာတွေ ဆက်တိုက်ကြုံလာရတဲ့အခါ ဂိုမက်ဇ်က ဒီလူဟာ ဖက်စတာအစစ် ဟုတ်ရဲ့လားလို့ သံသယဝင်လာတယ်။ ဖက်စတာအဖြစ် ဟန်ဆောင်ပြီး အက်ဒမ်စ်မိသားစုကို လှည့်ဖျားဖို့ ကြံနေတဲ့ ဂေါ်ဒွန်ကိုယ်တိုင်လည်း သူ့မိသားစုအစစ်က ဘယ်သူတွေလဲဆိုတာ တဖြည်းဖြည်း ဝေခွဲမရ ဖြစ်လာပါတယ်။ ဒီမိသားစုဇာတ်ကောင်တွေကို အမေရိကန်ကာတွန်းဆရာ Charles Addams က ဖန်တီးခဲ့ပြီး ၁၉၃၈ ခုနှစ်ကတည်းက The New Yorker မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ Tom & Jerry ထက် နှစ်နှစ်စောပြီး ပေါ်လာခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်သလို ၂၀ ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတာလည်း ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ The Addams Family ရုပ်သံဇာတ်လမ်းတွဲအဖြစ် စတင်ရိုက်ကူးခဲ့ပြီး အဲဒီအချိန်မှ ဇာတ်ကောင်တွေကို နာမည်ပေးခဲ့တာပါ။ အဲဒီနောက် ရုပ်သံဇာတ်လမ်းတွဲ ခုနစ်ခု၊ ၁၉၉၁ ကနေ ၁၉၉၉ အတွင်း ရုပ်ရှင်သုံးကား၊ ၂၀၁၉ နဲ့ ၂၀၂၁ မှာ အန်နီမေးရှင်းနှစ်ကားအဖြစ် ဆက်လက်ထွက်ရှိခဲ့ပြီး ၂၀၂၂ မှာတော့ တင်ဘာတန်ရဲ့ Wednesday ထွက်လာခဲ့ပါတယ်။ အက်ဒမ်စ်မိသားစုဟာ လူသိများတဲ့ ယဉ်ကျေးမှုအစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဗီဒီယိုဂိမ်းတွေနဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေအထိ ရှိလာခဲ့သလို အမေရိကန်ကာတွန်း၊ ရုပ်ရှင်နဲ့ ရုပ်သံလောကအပေါ်လည်း လွှမ်းမိုးမှုရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်