ရှရွတ်ခန်း သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမကျန်းဖြစ်နေတဲ့ မိခင်ကို စောင့်ရှောက်နေရသူပါ။ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်ပြီး ရလာတဲ့ငွေနဲ့ အမေ့အတွက် ဆေးနဲ့ စားစရာ ဝယ်ပေးတယ်။ အမေ စားရဖို့အတွက် ကိုယ်တိုင် အငတ်ခံရတဲ့အချိန်တွေလည်း ရှိပါတယ်။ သူတို့မိသားစုဟာ အရင်ကတော့ ချမ်းချမ်းသာသာနဲ့ ပြည့်ပြည့်စုံစုံ နေခဲ့ရသူတွေပါ။ မိဘနှစ်ပါးက သူတစ်ပါးကို ကြင်နာပြီး ယုံကြည်ပေးတတ်ပေမယ့် အလုပ်သမားတစ်ဦးရဲ့ ကောက်ကျစ်မှုကြောင့် ဖခင်ကို ဆုံးရှုံးရသလို ပိုင်ဆိုင်သမျှလည်း လက်လွှတ်ခဲ့ရတယ်။ လမ်းဘေးရောက်သွားတဲ့အထိ ဘဝပျက်ခဲ့ရပြီး မိခင်ကလည်း ခင်ပွန်းဆုံးတဲ့စိတ်နဲ့ အိပ်ရာထဲ လဲသွားတာကြောင့် သားငယ်က ပြန်စောင့်ရှောက်နေရတာပါ။ ဒီလိုနဲ့ သူဟာ မိသားစုဘဝကို ဖျက်ဆီးခဲ့သူကို ရှာပြီး လက်စားချေဖို့ ငယ်စဉ်ကတည်းက စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ တစ်နေ့မှာတော့ အဲဒီလူနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အချိန် ရောက်လာပါတယ်။ Baazigar ဟာ ရှရွတ်ခန်းကို လူသိများလာစေခဲ့တဲ့ ဇာတ်ကားဖြစ်သလို ကာဂျိုးနဲ့ သူ ပထမဆုံး တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Shilpa Shetty အတွက်လည်း ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီး ဒီကားနဲ့ပဲ ပရိသတ်တွေကြား နာမည်ရလာခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်