Avalon အာကာသယာဉ်ကြီးက ခရီးသည် ၅၀၀၀ ကျော်နဲ့ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို တင်ဆောင်ပြီး Homestead II ဂြိုဟ်ဆီ ခရီးထွက်လာပါတယ်။ ကမ္ဘာကနေ အဲဒီဂြိုဟ်အထိ နှစ်ပေါင်း ၁၂၀ ကြာမှာဖြစ်လို့ လိုက်ပါလာသူအားလုံးက အသက်မအိုဘဲ အိပ်စက်နေနိုင်တဲ့ Hibernation Pod တွေထဲမှာ နေကြတာပါ။ ဒါပေမယ့် ခရီးထွက်ပြီး နှစ် ၃၀ အကြာမှာ စက်ချို့ယွင်းမှုကြောင့် စက်မှုအင်ဂျင်နီယာ Jim Preston တစ်ယောက်တည်း နိုးလာခဲ့တယ်။ ခရီးဆုံးရောက်ဖို့က နှစ် ၉၀ တောင် ကျန်နေပါသေးတယ်။ Jim က သူ့အိပ်စက်ခန်းကို ပြင်ပြီး ပြန်အိပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပြီး အကူအညီတောင်းချင်ပေမယ့် သာမန်ခရီးသည်တစ်ယောက်အနေနဲ့ သူတို့အခန်းထဲ ဝင်ခွင့်မရှိပြန်ဘူး။ ယာဉ်တစ်စင်းလုံးမှာ စကားပြောဖော်ဆိုလို့ ဘားကောင်တာက Arthur ဆိုတဲ့ စက်ရုပ်ပဲ ရှိပါတယ်။ ယာဉ်ပေါ်က အစားအသောက်တွေနဲ့ ကစားစရာတွေကြား အချိန်ကုန်ရင်း တစ်နှစ်ကြာလာတော့ အထီးကျန်မှုကို မခံနိုင်တဲ့ Jim ဟာ ကိုယ့်အသက်ကို အဆုံးစီရင်ဖို့အထိ တွေးလာမိတယ်။ တစ်နေ့မှာ Aurora ဆိုတဲ့ မိန်းကလေးရဲ့ အိပ်စက်ခန်းကို အမှတ်မထင် တွေ့သွားပြီး သူမရဲ့ဗီဒီယိုဖိုင်ကို ကြည့်မိပါတယ်။ Aurora က ဂြိုဟ်အသစ်မှာ ဘဝစကြမယ့် လူတွေအကြောင်း စာအုပ်ရေးဖို့ လိုက်လာတဲ့ စာရေးဆရာမတစ်ယောက် ဖြစ်နေတယ်။ သူမကို စွဲလန်းလာတဲ့ Jim က နှိုးသင့်မနှိုးသင့် အတော်ဝေခွဲမရ ဖြစ်ပြီးနောက် Aurora ကို နှိုးလိုက်ပါတယ်။ ဒါပေမယ့် သူမကိုတော့ သူ့လိုပဲ စက်ချို့ယွင်းလို့ နိုးလာတာလို့ ပြောထားခဲ့တယ်။ ပြန်အိပ်စက်နိုင်မယ့်နည်း မတွေ့ရင် သူတို့နှစ်ယောက်ဟာ ကျန်တဲ့ ၈၉ နှစ်ကို ဒီယာဉ်ပေါ်မှာပဲ ကုန်ဆုံးရတော့မှာပါ။ Jim အတွက် ဒီဆုံးဖြတ်ချက်က အသက်ဆက်ရှင်ချင်စရာ မျှော်လင့်ချက်ဖြစ်ပေမယ့် Aurora အတွက်တော့ သူမရည်ရွယ်ထားတဲ့ ဘဝကို ဆုံးရှုံးသွားစေတာ ဖြစ်နေပါတယ်။ အမှန်ကို Aurora သိသွားရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား။ သူတို့ ပြန်အိပ်စက်နိုင်ကြမလား၊ ဒါမှမဟုတ် ကျန်တဲ့နှစ်တွေကို ယာဉ်ပေါ်မှာပဲ ဘယ်လို ဖြတ်သန်းကြမလဲ။ လူနှစ်ယောက်ရဲ့ အချစ်နဲ့ ဆက်ဆံရေးကို အခြေခံထားတဲ့ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ Jim အဖြစ် Chris Pratt၊ Aurora အဖြစ် Jennifer Lawrence တို့ သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ The Imitation Game နဲ့ အော်စကာဆုအတွက် လျာထားခံခဲ့ရတဲ့ Morten Tyldum ပါ။
ဇာတ်ကားကြည့်ရန်