ဇာတ်လမ်းရဲ့ နောက်ခံက ၁၈၃၀ ခုနှစ် အမေရိကန်အစိုးရရဲ့ ဌာနေတိုင်းရင်းသားတွေကို နေရာရွှေ့ပြောင်းစေခဲ့တဲ့ အစီအမံနဲ့ စထားပါတယ်။ အသစ်ရောက်လာတဲ့ လူဖြူတွေ ဝါဂွမ်းစိုက်ဖို့ မြေလိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချရိုကီးလူမျိုး ၁၆၀၀၀ ကျော်အပါအဝင် မျိုးနွယ်စုငါးစုက လူပေါင်း ၆၀၀၀၀ လောက်ကို မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး အတင်းအကျပ် ပြောင်းရွှေ့စေခဲ့တယ်။ ခရီးပန်းမှုနဲ့ ဆင်းရဲဒုက္ခတွေကြောင့် လူပေါင်းလေးထောင်ကျော် သေဆုံးခဲ့ရပြီး မျက်ရည်လျှောက်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ သူတို့ဖယ်ရှားခံရတဲ့ မြေတွေမှာ တွင်းထွက်ပစ္စည်းတွေလည်း ရှိနေတာကြောင့် လူဖြူတွေက လိုချင်နေကြတာပါ။ ဇာတ်လမ်းထဲမှာတော့ အဲဒီအကြောင်းကို သိထားတဲ့ မျိုးနွယ်စုတွေက ရွှေတွေကို တူးဖော်ပြီး မှော်အစီအရင်တွေနဲ့ ဖွက်ထားခဲ့ကြပါတယ်။ နောက်ပိုင်း ဒီသတင်းကို ကြားသိတဲ့သူတွေ ရွှေသိုက်ရှာဖို့ လာကြတယ်။ မြို့တော်ဝန်ကိုယ်တိုင်လည်း ရွှေသိုက်ကို ရှာနေသူပါ။ သူနဲ့အပြိုင် ရှာဖွေသူတွေကို ခြိမ်းခြောက်တာ၊ သတ်ပစ်တာတွေ လုပ်လေ့ရှိတဲ့အတွက် သူချုပ်ကိုင်ထားတဲ့ နယ်မြေက လူတွေဟာ တုပ်တုပ်တောင် မလှုပ်ရဲကြဘူး။ အဲဒီမြို့ကို ဗိုလ်မှူး ဂျင်မ်ပိုဝဲလ်တစ်ယောက် ဖခင်ရုတ်တရက် ကွယ်လွန်သွားလို့ အသုဘကိစ္စအတွက် ပြန်လာပါတယ်။ ဖခင်ရဲ့ သေဆုံးမှုက သာမန်သေဆုံးမှု မဟုတ်ကြောင်း သိလာရတဲ့နောက် ဒီကိစ္စနဲ့ ရွှေသိုက်ရှာဖွေမှု ဘယ်လိုဆက်စပ်လာမလဲဆိုတာကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွန့်စားခန်းတွေနဲ့ ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်