ဇာတ်ကားများ ရွေးရန်

Slumdog Millionaire

2008ဇာတ်ကားအမှတ် 7.7/10120 မိနစ်

ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းလာတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ Who Wants to Be a Millionaire အစီအစဉ်မှာ ဝင်ပြိုင်နေပါတယ်။ ပညာတတ်တစ်ယောက် မဟုတ်ပေမယ့် မေးခွန်းတွေကို ဆက်တိုက်ဖြေနိုင်နေတာကြောင့် မသမာတဲ့နည်းလမ်း သုံးထားသလားဆိုပြီး သံသယဝင်ခံရတယ်။ နောက်ဆုံးမေးခွန်းဆီ မရောက်ခင်မှာပဲ ရဲစခန်းကို ဖမ်းခေါ်ပြီး စစ်မေးခံနေရတဲ့နေရာက ဇာတ်လမ်းစပါတယ်။ သူ ဒီပြိုင်ပွဲကို ရောက်လာရတဲ့အကြောင်းက ငယ်ငယ်က ဆုံဖူးပြီး သံယောဇဉ်ရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆက်နွှယ်နေတယ်။ သူဟာ အဲဒီမိန်းကလေးကို တောက်လျှောက် လိုက်ရှာနေခဲ့သူပါ။ မိန်းကလေးကြိုက်တဲ့ တီဗီအစီအစဉ်မှာ ဝင်ပြိုင်ရင် ပြန်ဆုံခွင့်များ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ မေးလာသမျှကလည်း သူ့ဘဝမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတယ်။ အရွယ်နဲ့မလိုက်အောင် ခံခဲ့ရတဲ့ ဘဝအထုအထောင်းတွေကနေ အဲဒီအဖြေတွေကို သိထားခဲ့တာပါ။ စစ်မေးခံနေရတဲ့ လူငယ်ရဲ့အကြောင်းနဲ့အတူ ညီအစ်ကိုနှစ်ယောက် ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝခရီးကြမ်း၊ အိန္ဒိယရဲ့ အောက်ခြေလူနေမှုဘဝက အကျည်းတန်တဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ရပါတယ်။ အဓိကဇာတ်ကောင်တွေရဲ့ အသက်အရွယ်ကို သုံးပိုင်းခွဲပြီး သရုပ်ဆောင် သုံးယောက်စီနဲ့ တင်ဆက်ထားပါတယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကို အခြေခံပြီး အိန္ဒိယသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားပေမယ့် ဗြိတိန်ရုပ်ရှင်ဖြစ်ပါတယ်။ ကုန်ကျစရိတ် ၁၅ သန်းနဲ့ ရိုက်ကူးခဲ့ပြီး ရုံဝင်ငွေ ၃၇၈.၁ သန်း ရရှိခဲ့တယ်။ အကယ်ဒမီဆု ဆယ်ဆုအတွက် လျာထားခံရပြီး ရှစ်ဆု ရခဲ့သလို ဘက်ဖ်တာဆု ခုနစ်ဆု၊ ဝေဖန်ရေးဆု ငါးဆုနဲ့ ရွှေကမ္ဘာလုံးဆု လေးဆုလည်း ရရှိခဲ့ပါတယ်။ စတင်ပြသချိန်ကနေ တဖြည်းဖြည်း လူသိများအောင်မြင်လာတဲ့ sleeper hit အဖြစ်လည်း ဖော်ပြထားပါတယ်။ ဇာတ်ဝင်သီချင်းအဖြစ် M.I.A ရဲ့ Paper Plane ကို အသုံးပြုထားပါတယ်။

ဇာတ်လမ်းအကြောင်း