ဇာတ်ကားများ ရွေးရန်

Quills

2000ဇာတ်ကားWeb-dl 1080p

(မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းများ ပါဝင်ပါတယ်) ဒီကားကတော့ Geoffrey Rush, Michael Caine နဲ့ Joaquin Phoenix တို့လို နာမည်ကျော် သရုပ်ဆောင်မင်းသားတွေအပြင် မင်းသမီးအနေနဲ့လည်း မင်းသမီးကြီး Kate Winslet နဲ့ Amelia Warner တို့ အဓိက ပါဝင်ထားကြပါတယ်၊ ဒီဇာတ်လမ်းကို အဓိကဖြစ်စေတဲ့ ​ဇာတ်ကောင်ကတော့ Geoffrey Rush ရဲ့ စာရေးဆရာ မာကီး ဒီ ဆာ့ဒ် ဆိုတဲ့ဇာတ်ကောင်ပဲ၊ သူက နာမည်ကျော် စာရေးဆရာတစ်ယောက်​​ဖြစ်တယ်ပေမဲ့ လက်ရှိအချိန်မှာတော့ ရှာရန်တန်လို့ခေါ်တဲ့ စိတ်ကျန်းမာရေး ဆေးရုံကို ရောက်နေတယ်၊ အကြောင်းကတော့ သူရဲ့စာပေတွေက သိပ်ကို ညစ်ညမ်းနေလို့ပဲ၊ အရှိကို အရှိအတိုင်း ဘွင်းဘွင်းရှင်းရှင်းရေးတတ်ပုံတွေကြောင့် သူ့စာပေတွေကို အဆိပ်အတောက်ဆန်တယ်လို့ သတ်မှတ်ထားကြတယ်၊ စိတ်ကူးယဥ်ကမ္ဘာထဲမှာပဲ နေနေတတ်တဲ့ ဒီစာရေးဆရာဟာ အပြင်လောကမှာလည်း ပြစ်မှုတချို့ကို ကျူးလွန်ခဲ့သတဲ့၊ နောက်တစ်ယောက်ကတော့ Kate Winslet ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ မယ်ဒလင်းပဲ၊ သူက အဲဒီ စိတ်ကျန်မာရေး ဆေးရုံမှာ အဝတ်လျှော်တဲ့သူ တစ်ယောက်၊ သူက စာရေးဆရာ မာကီးရဲ့ ပရိသတ်လို့ပြောရမယ်၊ သူရေးတဲ့ စာမူတွေကို အပြင်လောကကို ရောက်ပြီး ထုတ်ဝေနိုင်အောင် ခိုးထုတ်ပေးနေတဲ့သူတစ်ယောက်၊ Michael Caine ရဲ့ ဇာတ်ကောင်ကတော့ ဒေါက်တာ ရိုင်ရေး ကိုလာ့ဒ်တဲ့၊ စာရေးဆရာရဲ့ စာတွေ အပြင်လောကကို ရောက်လာတော့ အစိုးရက ဒီလိုစာပေမျိုးတွေ လူတွေဆီရောက်လာလို့ အရမ်းဒေါသထွက်ပြီး အဲဒါမျိုးထပ်မဖြစ်အောင် ထိန်းချုပ်ဖို့ ခပ်ကြမ်းကြမ်း ဒေါက်တာ ရိုင်ရေးကို လွှတ်လိုက်တာ၊ Amelia Warner ကတော့ ဒေါက်တာ ရိုင်းရေး ယူလိုက်တဲ့ အသက်ငယ်ငယ် မိန်းမပျိုလေး နေရာကနေ သရုပ်ဆောင်ထားတယ်၊ Joaquin Phoenix ကတော့ စိတ်ကျန်းမာရေး ဆေးရုံမှာ မေတ္တာတရားနဲ့ အလိုလိုက်ပြီး အုပ်ချုပ်နေတဲ့ ဖာသာ ကူလ်မီယာအဖြစ်နဲ့ မြင်တွေ့ရပါလိမ့်မယ်၊ ဒီလို ဇာတ်ကောင်တွေကြားထဲမှာ ဇာတ်လမ်းကို အဓိက မောင်းနှင်ပေးမဲ့ စာရေးဆရာကြောင့် ဘာတွေဆက်ပြီး ဖြစ်လာမလဲ၊ စာရေးဆရာဟာ တကယ့် အနုပညာသမားစစ်စစ်ကြီးလား၊ လူတွေလက်မခံနိုင်ကြတဲ့ အရူးတစ်ယောက်ပဲလား၊ ဒါမှမဟုတ် အနုပညာသမားစစ်စစ်တစ်ယောက်ရဲ့ ရူးသွပ်မှုမျိုးလား၊ ဥပမာအားဖြင့် သူ့ကို စာလုံးဝ ရေးလို့မရအောင် ပစ္စည်းတွေအားလုံးသိမ်းသွားချိန်မှာတောင် မရရအောင် ရှာကြံပြီး ရှိတဲ့ပစ္စည်းနဲ့ ရေးနေရမှ ကျေနပ်တဲ့လူမျိုး၊ သူ့ကို စာရေးလို့မရအောင် လုပ်ထားကြတာဟာ သူ့ကို မုဒိန်းကျင့်သလိုပဲလို့ပြောတဲ့ သူ့ရဲ့ခံစားချက်၊ ဒါတွေကို ကြည့်ရင် သူက တကယ့်အရူးတစ်ယောက်ဆိုရင်တောင် သူ့ရဲ့အနုပညာအတွက် စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားတဲ့ အရူးတစ်ယောက်လို့ပြောရင် မှားမယ်မထင်ဘူး၊ "လောကကြီးကို ကျုပ် ဖန်တီးထားတာမဟုတ်ဘူး၊ ကျုပ်က မှတ်တမ်းတင်ရုံ သက်သက်ပါပဲတဲ့" အဲဒီစကားကတော့ လူတွေက ညစ်ညမ်းတယ်၊ အောက်တန်းကျတယ်လို့ သတ်မှတ်ပြီး လက်မခံကြတဲ့ သူ့ရဲ့စာတွေအပေါ် သူ့ရဲ့အမြင်လေးတစ်ခုပေါ့၊ သူ့ရဲ့ယုံကြည်မှုက လောကကြီးမှာ ဖြစ်နေတဲ့အရာတွေအားလုံးကို သူက အမှန်အတိုင်းရေးနေတယ်ဆိုတာပဲ၊ သူ့အတွက်တော့ သူ့အနုပညာဖြစ်နေပေမဲ့ ပုံမှန်လူ့ကျင့်ဝတ်တွေကြားထဲမှာတော့ သူဟာ ယုတ်မာရိုင်းစိုင်းတဲ့ လူတစ်ယောက်ပါပဲ၊ တကယ်တော့ လူတွေအားလုံးဟာ စည်းတွေဘောင်တွေထဲမှာ မရမကနေထိုင်နေကြရတဲ့၊ စိတ်ယုတ်မှာတွေကို ဖိနှိပ်ထားကြရတဲ့ မကောင်းတဲ့ သတ္တဝါတွေပဲ ဖြစ်တယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်

ဇာတ်လမ်းအကြောင်း