ဇာတ်ကားများ ရွေးရန်

Pacto de Fuga

2020ဇာတ်ကားအမှတ် 7.5/10138 မိနစ်

Pacto de Fuga က ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စပိန်စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တာပါ။ ဇာတ်လမ်းနောက်ခံကတော့ ချီလီနိုင်ငံကို ပီနိုရှေး စစ်အစိုးရ အုပ်ချုပ်နေတဲ့ကာလ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေးက ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တယ်။ အဲဒီအချိန်ဟာ ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို တားဆီးဖို့ အမေရိကန်က လက်ဝဲယိမ်းအစိုးရတွေ ဖြုတ်ချခံရမှုကို အားပေးနေတဲ့ စစ်အေးကာလဖြစ်ပြီး ချီလီအာဏာသိမ်းမှုကိုလည်း အမေရိကန်အစိုးရက ကျောထောက်နောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်ခဲ့ပြီး “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ဆိုတဲ့ မူဝါဒအမည်အောက်မှာ စစ်ထောက်လှမ်းရေးကို အသုံးပြုကာ သဘောထားကွဲလွဲသူတွေကို နှိပ်ကွပ်ခဲ့ပါတယ်။ ဒီလိုဖိနှိပ်မှုတွေကို မခံနိုင်တဲ့ တော်လှန်ရေးသမားတစ်စုက ပီနိုရှေးကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတယ်။ သူတို့ကို သာမန်အကျဉ်းသားတွေနဲ့ မရောဘဲ ထောင်ထဲက သီးခြားအဆောင်တွေမှာ ချုပ်ထားပါတယ်။ အများစုက စစ်ခုံရုံးရဲ့ သေဒဏ်ချမှတ်မှုကို ခံထားရပြီးသားပါ။ အရပ်ဘက်တရားရုံးချုပ်မှာ အမှုစစ်နေဆဲဆိုပေမယ့် သူတို့ကတော့ သေဒဏ်ပဲ ကျလာမယ်လို့ ယူဆထားကြတယ်။ လက်မလျှော့ချင်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုက ထောင်ကနေ လွတ်ဖို့ ဥမင်လိုဏ်ခေါင်းတူးမယ့်အစီအစဉ်ကို စစ်ဆင်ရေးတစ်ခုလို အကောင်အထည်ဖော်ကြပါတယ်။ အကျဉ်းခန်းကနေ ထောင်အပြင်အထိ မီတာ ၆၀၊ ပေ ၂၀၀ နီးပါး တူးရမှာပါ။ ဘာကိရိယာနဲ့ တူးကြမလဲ၊ ဘယ်လောက်ကြာမလဲဆိုတာအပြင် ထွက်လာတဲ့မြေစာတွေကို လူမမြင်အောင် ဘယ်မှာစွန့်ပစ်မလဲဆိုတာပါ စဉ်းစားကြရတယ်။ အချိန်မရွေး ဝင်ရှာတတ်တဲ့ ထောင်မှူးနဲ့ အစောင့်တွေ မတွေ့အောင် လိုဏ်ခေါင်းဝကို ဖုံးကွယ်ရဦးမယ်။ ထောင်အာဏာပိုင်တွေရဲ့ သတင်းပေးတွေ မရိပ်မိအောင်လည်း သတိထားနေရပါတယ်။ ထောင်ဖောက်ဖို့ ကြိုးစားနေကြတဲ့အကြားမှာ ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုလိုဆက်ဆံရေးနဲ့ အင်ဂျင်နီယာပညာကို လက်တွေ့အသုံးချကြပုံတွေကို တွေ့ရတယ်။ ကိုယ့်အကျိုးနဲ့ တော်လှန်ရေးအကြား ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ လိုဏ်ခေါင်းဖောက်ပြီး ထောင်အပြင်ကို ရောက်နိုင်ခဲ့ရင်တောင် ဘယ်ကို ဆက်ပြေးကြမလဲ၊ ဘယ်လောက်ကြာကြာ လွတ်မြောက်နေနိုင်မလဲဆိုတာက မသေချာသေးပါဘူး။

ဇာတ်လမ်းအကြောင်း