ဇာတ်ကားများ ရွေးရန်

Drive My Car

2021ဇာတ်ကားအမှတ် 7.4/10179 မိနစ်

ခဖုခုက ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်သလို သရုပ်ဆောင်လည်း လုပ်ပါတယ်။ သူအဓိကသရုပ်ဆောင်တဲ့ ပြဇာတ်က ချက်ကော့ရဲ့ အန်ကယ်ဗန်ညာပါ။ သူနဲ့ ဇနီးဖြစ်သူ အိုတိုတို့ဟာ သမီးလေးကို ဆုံးရှုံးခဲ့ရတာ နှစ်ပေါင်းသုံးဆယ်နီးပါးရှိနေပေမယ့် အဲဒီဝမ်းနည်းမှုကနေ မလွတ်မြောက်နိုင်သေးဘူး။ သမီးမရှိတော့တဲ့နောက် တစ်ယောက်ကိုတစ်ယောက် အားထားပြီး ဖြေသိမ့်နေရင်း အိမ်ထောင်ရေးကို ဆက်ထိန်းထားကြပါတယ်။ ဒါပေမယ့် အိုတိုမှာ တခြားဆက်ဆံရေးတွေ ရှိနေတယ်။ ခဖုခုက ရိပ်မိရုံတင်မက တစ်ခါမှာ မျက်မြင်တွေ့ခဲ့ရပေမယ့် ထုတ်မပြောရဲဘူး။ ဇနီးကို ချစ်တဲ့စိတ်နဲ့ သံယောဇဉ်ကြောင့် သူသိနေတဲ့အကြောင်း ပြောလိုက်ရင် နှစ်ယောက်ကြားက ဆက်ဆံရေး ပျက်စီးသွားမှာကို ကြောက်နေတာပါ။ အိုတိုက သူ့ကို တစ်ခုခုပြောတော့မယ်လို့ ယူဆရတဲ့နေ့မှာလည်း အိမ်ကိုစောစောမပြန်ဘဲ တစ်နေ့လုံး ကားလျှောက်မောင်းနေခဲ့တယ်။ ညနက်မှ ပြန်ရောက်လာချိန်မှာတော့ အိုတိုဟာ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားခဲ့ပြီ။ အိမ်မှာသာ ရှိနေခဲ့ရင် ဒီလိုဖြစ်ချင်မှဖြစ်မှာဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ဇနီးရဲ့ဖောက်ပြန်မှုအပေါ် မကျေနပ်စိတ်တွေ ခဖုခုဆီမှာ ကျန်ရစ်ခဲ့ပါတယ်။ အိုတိုက ဇာတ်ညွှန်းရေးဆရာမဖြစ်ပြီး တခဆုခိဆိုတဲ့ သရုပ်ဆောင်နဲ့ အလုပ်အတူလုပ်ခဲ့ဖူးတယ်။ ခဖုခုက သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးရှိခဲ့မယ်လို့ သံသယဝင်နေပေမယ့် သေချာပြနိုင်တဲ့ သက်သေတော့ မရှိဘူး။ တခဆုခိရဲ့ မိန်းမပွေတတ်တဲ့အကျင့်နဲ့ သူပြောတဲ့စကားတချို့က ခဖုခုရဲ့ သံသယကို ပိုများလာစေပါတယ်။ အိုတိုဆုံးပြီးနောက် တခဆုခိဟာ ခဖုခုစီစဉ်တဲ့ ပြဇာတ်မှာ ပါဝင်ဖို့ လာအရွေးခံတယ်။ အစမ်းသရုပ်ဆောင်ပြတာ သိပ်မကောင်းပေမယ့် ခဖုခုက သူ့ကို အဓိကဇာတ်ကောင် အန်ကယ်ဗန်ညာအဖြစ် ရွေးလိုက်ပါတယ်။ ဘာကြောင့် ဒီလိုရွေးလိုက်သလဲဆိုတာကိုတော့ ရုပ်ရှင်က တိတိကျကျ မရှင်းပြထားဘူး။ ချက်ကော့ရဲ့စာက လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပေးနိုင်တယ်ဆိုတဲ့ အယူအဆကိုသာ ပြောထားလို့ ဒီရွေးချယ်မှုမှာ ခဖုခုရဲ့ မကျေနပ်စိတ် ပါနေသလားဆိုတာ တွေးစရာဖြစ်နေတယ်။ တစ်ဖက်မှာလည်း သူတို့နှစ်ယောက်ဟာ စကားတွေပြော၊ အရက်အတူသောက်ရင်း ဆက်ဆံနေကြပါတယ်။ သူတို့နဲ့အတူ အရေးပါတဲ့ နောက်ဇာတ်ကောင်က ဒရိုင်ဗာမလေး မိစခိပါ။ သူ့အခန်းတွေ မများပေမယ့် လေလွင့်နေသူတစ်ယောက်ရဲ့ အသွင်နဲ့ ရှင်သန်ချင်စိတ်ကို တွဲဖော်ထားတယ်။ မိစခိပြောပြတဲ့ သူ့အမေအကြောင်းမှာလည်း လူတစ်ယောက်အပေါ် ခံစားချက်တစ်မျိုးတည်းနဲ့ ဆုံးဖြတ်ဖို့ခက်တဲ့ အခြေအနေတွေ ပါလာပါတယ်။ အိုတိုပြောပြခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ထဲက ကောင်မလေးကလည်း ပဟေဠိတစ်ခုလို ကျန်နေတယ်။ အဲဒီကောင်မလေးဟာ အိုတိုကိုယ်တိုင်ကို ကိုယ်စားပြုနေသလားဆိုတာတော့ မသေချာပါဘူး။ လူတစ်ယောက်ကို တစ်ချိန်မှာ ခင်မင်မိပြီး နောက်တစ်ချိန်မှာ ကြည့်မရဖြစ်တာမျိုး ရှိနိုင်တယ်။ အဲဒီခံစားချက်နှစ်ခုထဲက တစ်ခုတည်းကို အစစ်အမှန်လို့ သတ်မှတ်လို့ရမလားဆိုတဲ့ မေးခွန်းကို ဇာတ်ကားက ဆက်စဉ်းစားစေပါတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်သေချာသိတယ်လို့ ထင်ထားတဲ့သူရဲ့ စိတ်ကိုတောင် အပြည့်အဝ နားလည်နိုင်ပါ့မလားဆိုတာကို ခဖုခုနဲ့ အိုတို၊ ခဖုခုနဲ့ တခဆုခိတို့ရဲ့ ဆက်ဆံရေးတွေကနေ ဖော်ပြထားတာပါ။ နာကျင်မှုတွေ ရှိနေရင်းနဲ့ပဲ ဘဝကို ဆက်ဖြတ်သန်းရတဲ့အကြောင်းကိုလည်း စကားပြောခန်းတွေနဲ့ ပြဇာတ်အကြောင်းအရာကို ချိတ်ဆက်ပြီး ပြထားပါတယ်။ Drive My Car ကို Ryusuke Hamaguchi က ရိုက်ကူးထားပြီး Haruki Murakami ရဲ့ Men Without Women စာအုပ်ထဲက နာမည်တူဝတ္ထုတိုကို အခြေခံထားပါတယ်။ Murakami ရဲ့ ဝတ္ထုတိုကိုပဲ အခြေခံထားတဲ့ Burning နဲ့ နှိုင်းယှဉ်ရင် ဒီကားက မူရင်းရဲ့ ဇာတ်လမ်းကျောရိုးနဲ့ အခန်းအတော်များများကို ဆက်ထိန်းထားတယ်။ ဒါပေမယ့် ဝတ္ထုမှာ ပိုထင်ရှားတဲ့ ခဖုခုရဲ့ လက်စားချေလိုစိတ်ကို ရုပ်ရှင်မှာတော့ အလွယ်တကူ ဖတ်မရအောင် ချန်ထားပါတယ်။ မူရင်းက စကားပြောခန်းတွေကို အကုန်ယူသုံးထားတာမျိုးလည်း မဟုတ်ဘဲ ရုပ်ရှင်အတွက် ရေးထားတဲ့ ဒိုင်ယာလော့တွေနဲ့ ဇာတ်ကောင်တွေရဲ့စိတ်ကို ဖော်ပြထားတယ်။ ဇာတ်ကားအရှည်က သုံးနာရီခန့်ရှိပါတယ်။ ဒါရိုက်တာဟာ ၂၀၂၁ ခုနှစ်မှာ ဒီကားနဲ့အတူ Wheel of Fortune and Fantasy ကိုလည်း ထုတ်ခဲ့ပြီး အဲဒီကားက ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ပါတယ်။ Drive My Car ကတော့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Palme d’Or ဆုအတွက် ဆန်ခါတင်ဝင်ခဲ့သလို ဇာတ်ညွှန်းဆုလည်း ရခဲ့တယ်။ New York Film Critics Circle ရဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ အော်စကာ Best International Feature Film ဆုကိုလည်း ရရှိထားပါတယ်။

ဇာတ်လမ်းအကြောင်း