ဇာတ်ကားများ ရွေးရန်

Operation Mincemeat

2022ဇာတ်ကားအမှတ် 6.5/10128 မိနစ်

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေက ဥရောပစစ်မြေပြင်မှာ အရေးပါတဲ့ စစ္စလီကို ထိုးစစ်ကြီးတစ်ခု ဆင်နွှဲဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စစ္စလီရဲ့ ဗျူဟာအရ အရေးပါပုံကို ဟစ်တလာကလည်း သိထားတဲ့အတွက် ခံစစ်ကို အကြီးအကျယ် ပြင်ဆင်နေပြီ။ ဒီခံစစ်ကို ထိုးဖောက်ဖို့ဆို မဟာမိတ်တပ်တွေအတွက် အကျအဆုံးများနိုင်တာကြောင့် ထောက်လှမ်းရေးဘက်က အကြံတစ်ခု ထုတ်လာပါတယ်။ မဟာမိတ်တွေ တကယ်တိုက်မယ့်နေရာဟာ ဂရိလို့ ဟစ်တလာယုံသွားပြီး စစ္စလီကတပ်တွေကို အဲဒီဘက် ရွှေ့လိုက်မယ်ဆိုရင် စစ္စလီကို အကျအဆုံးနည်းနည်းနဲ့ သိမ်းနိုင်မယ်ဆိုတဲ့ အကြံပါ။ ခက်တာက ဂျာမနီဘက်ကလည်း လှည့်စားခံရနိုင်တာကို ကြိုတွက်ထားပြီးသားဖြစ်နေတယ်။ ဒါကြောင့် သတင်းအမှားတစ်ခုကို တမင်ပို့လိုက်မှန်း မသိစေဘဲ ယုံအောင်လုပ်ဖို့ လိုလာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲက စဉ်းစားလိုက်တာကတော့ ဗြိတိန်တပ်သားအလောင်းတစ်လောင်းကို စပိန်ကမ်းခြေဆီ မျောရောက်သွားအောင် လုပ်ဖို့ပါ။ စပိန်ဟာ ကြားနေနိုင်ငံဖြစ်ပေမယ့် ဂျာမန်သူလျှိုတွေ အများကြီးရှိတဲ့အတွက် အလောင်းနဲ့အတူ ဂရိကိုတိုက်မယ့် အစီအစဉ်မှတ်တမ်းအတုတွေ ထည့်ပေးလိုက်ဖို့ ရည်ရွယ်ထားတယ်။ ဒီအစီအစဉ်ကို Operation Mincemeat လို့ အမည်ပေးထားပါတယ်။ ဘယ်လိုအလောင်းကို အသုံးပြုရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်ဖို့ ဘာတွေပြင်ဆင်ရမလဲ၊ အလောင်းပိုင်ရှင်ရဲ့နောက်ကြောင်းကို စုံစမ်းလာရင် ဘယ်လိုခိုင်လုံအောင် လုပ်ထားမလဲဆိုတာတွေကို အသေးစိတ် စီစဉ်ကြရတယ်။ ပါသွားတဲ့မှတ်တမ်းတွေကိုလည်း အစစ်လို့ ယုံသွားအောင် ပြင်ဆင်ရပါတယ်။ ကိုလင်ဖာ့သ်နဲ့ မက်သရူး မစ်ဖက်ဒီရန်တို့ ပါဝင်ထားတဲ့ ဒီဖြစ်ရပ်မှန်အခြေခံရုပ်ရှင်က ရှေ့တန်းတိုက်ပွဲနောက်ကွယ်မှာ ထောက်လှမ်းရေးသမားတွေ ဒီလှည့်ကွက်ကို အကောင်အထည်ဖော်ကြပုံကို ပြထားတာပါ။

ဇာတ်လမ်းအကြောင်း