ဇာတ်ကားများ ရွေးရန်

Detective Dee and the Mystery of the Phantom Flame

2010ဇာတ်ကားအမှတ် 6.6/10123 မိနစ်

ဧကရာဇ်ဝူ နန်းတက်ပွဲ ကျင်းပဖို့ နီးလာချိန်မှာ နန်းတွင်းက အရာရှိတစ်ယောက် နေရောင်အောက်မှာ အလိုလို မီးထလောင်ပြီး သေဆုံးသွားပါတယ်။ သူက နန်းတော်မှာ တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးကို စစ်ဆေးရတဲ့ အဆင့်လေးအရာရှိပါ။ အပြင်က မီးရှို့ခံရတာမျိုးမဟုတ်ဘဲ ကိုယ်တွင်းကနေ မီးစလောင်လာတဲ့ ဒီအမှုကို စုံစမ်းနေတုန်း နောက်ထပ် အဆင့်သုံး စစ်ဆေးရေးမှူးတစ်ယောက်လည်း အလားတူ သေဆုံးသွားပြန်တယ်။ ဒီအမှုတွေကို ဖော်ထုတ်ဖို့ ဧကရာဇ်ဝူ ပြန်ခေါ်ရသူက သူ့ကို ပုန်ကန်ခဲ့လို့ ရှစ်နှစ်ကြာ အကျဉ်းကျနေတဲ့ စုံထောက်ဒီးပါ။ ဒီးက ဝူကို ဆန့်ကျင်ခဲ့တာဟာ အမျိုးသမီးတစ်ယောက် နန်းတက်မှာကို မလိုလားတဲ့ ဆွေမျိုးတော်တွေနဲ့ မူးမတ်တွေကို ဝူက သတ်ဖြတ်ခဲ့လို့ ဖြစ်ပါတယ်။ အခုတော့ ဝူကိုယ်တိုင်ကပဲ ဒီးကို ရာထူးပြန်ပေးပြီး စုံစမ်းရေးတာဝန် ယူခိုင်းရတယ်။ ဝူဟာ ပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ နန်းတွင်းက ကွမ်ရင်မယ်တော်ရုပ်တုတွေကို သူ့မျက်နှာနဲ့ တူအောင် ထုလုပ်ထားပါတယ်။ အသစ်တည်ဆောက်နေတဲ့ မတ်တပ်ရုပ်ပွားတော်ကြီးကိုလည်း သူ့မျက်နှာပုံစံအတိုင်း ထုလုပ်စေပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူဖြစ်တယ်လို့ သတင်းဖြန့်ထားတယ်။ အဲဒီရုပ်ပွားတော်ကို နန်းတက်ပွဲမတိုင်ခင် အပြီးတည်ဆောက်နေချိန်မှာပဲ ထူးဆန်းတဲ့ သေဆုံးမှုတွေ ဖြစ်လာတာပါ။ နန်းတက်ပွဲကို တားဆီးလိုသူတွေ၊ အာဏာကို အရယူမယ့်ဝူနဲ့ နန်းတွင်းအရှုပ်အထွေးတွေကြားမှာ ဒီးက အသက်အန္တရာယ်ကို ရင်ဆိုင်ပြီး အမှုမှန်ကို ရှာရပါတော့တယ်။ ဒီးရဲ့ အမည်ရင်းက ဒီးလျန်ကျယ်ဖြစ်ပြီး မင်းမှုထမ်းမျိုးရိုးက ဆင်းသက်လာသူပါ။ စာပေလေ့လာမှု အားကောင်းပြီး ခက်ခဲတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို စီရင်ဆုံးဖြတ်နိုင်သူအဖြစ် လူသိများပါတယ်။ အုပ်ချုပ်သူအဆက်ဆက်ကို အကြံပေးခဲ့တဲ့ သက်တော်ရှည်အမတ်တစ်ဦးဖြစ်သလို ဘုရင်ကို အလိုလိုက်တာထက် မှန်တယ်ထင်တာကို လျှောက်တင်ရဲတဲ့အတွက် ပေါင်ကျင်းထျန်းနဲ့ နှိုင်းယှဉ်ဂုဏ်ပြုခံရသူလည်း ဖြစ်ပါတယ်။ သမိုင်းနောက်ခံမှာ ဒီးဟာ ဧကရာဇ်သုံးဆက်ကို အမှုထမ်းခဲ့ပြီး ဝူလက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးအဖြစ်ပါ တာဝန်ယူခဲ့ပါတယ်။ ခီတန်တို့နဲ့ တိုက်ပွဲမှာ အစွမ်းပြခဲ့ပြီး ဝူလက်ထက် ကွယ်လွန်ချိန်အထိ အမှုထမ်းသွားသူပါ။ ရုပ်ရှင်ကတော့ သူ့ရဲ့အမှုစစ်စွမ်းရည်ကို နန်းတွင်းပဋိပက္ခနဲ့ တွဲပြီး ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ထွက် ဒီဇာတ်ကားမှာ ဒီးအဖြစ် Andy Lau ပါဝင်ထားပါတယ်။ ဒီးရဲ့ ငယ်ဘဝအကြောင်းကိုတော့ Mark Chao သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) တို့မှာ ဆက်ကြည့်နိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း