ဇာတ်ကားများ ရွေးရန်

White Sun

2016ဇာတ်ကားအမှတ် 7.1/1087 မိနစ်

White Sun ရဲ့ မူရင်းအမည် Seto Surya က နီပေါနိုင်ငံအလံပေါ်မှာပါတဲ့ အဖြူရောင်နေကို ရည်ညွှန်းထားတာပါ။ ဇာတ်လမ်းကတော့ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါပြည်တွင်းစစ်ပြီးစကာလကို နောက်ခံထားပါတယ်။ ဘုရင့်တော်ဝင်တပ်တွေနဲ့ မော်စီတုန်းဝါဒီ ကွန်မြူနစ်တွေကြားက စစ်ပွဲပြီးဆုံးပြီး ကွန်မြူနစ်တွေ အာဏာရလာချိန်မှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုနဲ့ ရိုးရာဓလေ့တွေကို ဆက်လက်စွဲကိုင်ထားတဲ့ လူမှုအသိုင်းအဝိုင်းအတွင်း အမြင်ချင်းမတူမှုတွေ ရှိနေဆဲပါ။ အဲဒီအခြေအနေကို ပူးဂျာဆိုတဲ့ ကလေးမလေးနဲ့ ချန်ဒျာဆိုတဲ့ စစ်သားဟောင်းတို့ဘက်ကနေ မြင်ရပါတယ်။ ပူးဂျာက အမေနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာတစ်ရွာမှာ နေထိုင်သူပါ။ သူ့အဖိုးလို့ သဘောထားတဲ့ ရွာအကြီးအကဲ ကွယ်လွန်သွားတဲ့အခါ လူတစ်ယောက် ရွာပြန်လာမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်နေတယ်။ ရွာထဲက ကြားဖူးနားဝစကားတွေအရ အဲဒီလူဟာ သူ့အဖေဖြစ်မယ်လို့ ပူးဂျာက ယူဆထားတာပါ။ ချန်ဒျာကတော့ အာဏာရ ကွန်မြူနစ်ပါတီဘက်ကနေ တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့ ပြောက်ကျားစစ်သားဟောင်းတစ်ယောက်ဖြစ်ပါတယ်။ စစ်ပွဲပြီးတဲ့နောက် ဘေးထွက်နေခဲ့ပေမယ့် အဖေဆုံးသွားပြီဆိုတဲ့သတင်းကြောင့် ရွာကို ပြန်လာခဲ့တယ်။ သူ့အဖေက ကွယ်လွန်သွားတဲ့ ရွာအကြီးအကဲပါပဲ။ ရွာသားတွေရဲ့ အယူအစွဲတွေနဲ့ သူ့အမြင်တွေ မတူညီတာကြောင့် ပဋိပက္ခတွေ ဖြစ်လာပြီး အဖေ့ကို အဆင်ပြေပြေ သင်္ဂြိုဟ်နိုင်ဖို့တောင် လုံးပမ်းရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာရဲ့ ဒုတိယမြောက်လက်ရာဖြစ်ပြီး Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားသလို Toronto နဲ့ Rotterdam ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပါတယ်။ သူ့ရဲ့ပွဲဦးထွက် Highway ကိုလည်း ဘာလင်နဲ့ လိုကာနို ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ဖူးပါတယ်။

ဇာတ်လမ်းအကြောင်း