ဇာတ်ကားများ ရွေးရန်

Prisoners

2013ဇာတ်ကားအမှတ် 8.1/10153 မိနစ်4K

Prisoners (2013) IMDb Rating (8.2) / Rotten Tomatoes (82%) Duneတို့ Blade Runner 2049တို့ Arrivalတို့နဲ့ အော်စကာတွေ တစ်သီကြီးရဖူးသလို ပရိသတ်လက်ခံမှုအားလည်းများတဲ့ Denis Villeneuveရဲ့ Prisonersကို မကြည့်ဖူးတဲ့ လူလည်း မရှိလောက်တော့ပါဘူး။ သရုပ်ဆောင်တွေကလည်း Jake Gyllenhaalတို့ Hugh Jackmanတို့ Paul Danoတို့ David Dastmalchianတို့လို သရုပ်ဆောင်ပိုင်းမှာ နာမည်ကောင်းအပြည့်ရထားတဲ့ လူတွေချည်းပါပဲ။ အရင်ငါးနှစ်လောက်ကတည်းက တင်ထားခဲ့တာမို့ အားလုံးလည်းကြည့်ပြီးနေပြီမို့ Screenrantက Prisoners Ending Explained: Does Loki Find Keller?ဆိုတဲ့‌ ဆောင်းပါးထဲက အချက်တွေကို ပြန်ထုတ်နုတ်ထည့်ပြီး ဇာတ်လမ်းအစဉ်လိုက်အတိုင်းပဲ ဖြည့်စွက်ပြန် ပြောပြထားပါတယ်။ မကြည့်ရသေးရင်တော့ ဒီလောက်ထိပဲ ဖတ်သင့်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီရုပ်ရှင်ရဲ့ဇာတ်က ကလေးအခိုးခံရတာကို ပြန်ရှာတဲ့ဇာတ်ပါပဲ။ ကျေးဇူးတော်နေ့မှာ ဒိုဗာ ( ဟုချ်ဂျက်မန်း)တို့ မိသားစုက အိမ်နီးချင်းအိမ်ကို သွားလည်တယ်။ အိမ်နီးချင်းရဲ့သမီးလေးနဲ့ သူ့သမီးလေးက အပြင်ထွက်သွားရာက ပျောက်သွားတယ်။ ကလေးတွေပျောက်သွားတဲ့အမှုကို စုံထောက်လိုက်ီ ( ဂျိတ်)က ဦးဆောင်ပြီးစုံစမ်းတယ်။ သူတို့ စုံစမ်းတာကို အားမရတဲ့ ဒိုဗာက သူ့နည်းသူ့ဟန်နဲ့ ကလေးကိုရှာတယ်။ ဒါကို အစကနေ အဆုံးအထိ ကွင်းဆက်တွေ ချိတ်ဆက်ပြီး Denis Villeneuve တင်ဆက်ထားပုံက ကြည့်ရှုသူတွေအတွက် တော်တော်လေးအားရစရာကောင်းသလို , သူတို့ရှာတွေ့သမျှ အရာအားလုံးက လမ်းစတွေဖြစ်နေသလို အဲဒီအရာအားလုံးကပဲ လမ်းပျောက်စေခဲ့တာက ဒီရုပ်ရှင်ထဲက ခံစားနေရသူတွေအတွက် ကြည့်ရှုတွေအနေနဲ့ တော်တော်လေးအားမလို အားမရဖြစ်စရာကောင်းခဲ့တယ်။ ဒီရုပ်ရှင်ထဲက စုံထောက်လိုကီ လိုက်စုံစမ်းခဲ့သမျှ လူတွေဟာ တကယ့်တရားခံမဟုတ်ခဲ့ပေမဲ့ တရားခံနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်နေတဲ့ လူတွေချည်းပဲ။ သူတို့စစစုံစမ်းခဲ့တဲ့သူက အဲလက်စ်ဂျုန်းပါ။ ကလေးတွေကို ကားပေါ်တင်ခေါ်သွားမိပေမဲ့ ဘာအပြစ်မှမရှိဘူးလို့ ကောက်ချက်ချထားကြတဲ့ ၁၀နှစ်ကလေး ဉာဏ်ရည်နဲ့ လူပါ။ ရုပ်ရှင်စစချင်းတော့ သူက တရားခံလိုလိုထင်ခဲ့ရပေမဲ့ တကယ်တမ်း သူလည်း ဂျုန်းလင်မယားရဲ့ ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်နေခဲ့တယ်။ သူ့ကားပေါ်ပါသွားတယ်လို့ ယူဆထားတော့ ရဲတွေက သူ့ကိုဖမ်းပြီး စစ်ဆေးတဲ့အချိန်မှာ ဆယ်နှစ်ကလေးဉာဏ်ရည်ပဲရှိတာသိခဲ့ရပြီး သူ့ဆီက ဘာမှမေးမရခဲ့လို့ ပြန်လွှတ်ပေးလိုက်ရတယ်။ ဒါပေမဲ့ သူက သဲလွန်စတွေ အများကြီးပေးခဲ့ပါတယ်။ ဒိုဗာကို သူပြောခဲ့တဲ့ " ကျွန်တော်မထားခဲ့ခင်အထိ သူတို့မငိုသေးဘူး"ဆိုတဲ့ စကားရယ် ။ "ကျွန်တော်က အဲလက်စ် မဟုတ်ဘူး"ဆိုတဲ့ စကားရယ်။ " ကျွန်တော်စောင့်နေပေမဲ့ သူရောက်မလာခဲ့ဘူး"ဆိုတဲ့ စကားရယ်။ "သူတို့က ဝင်္ကပါထဲမှာ"ဆိုတဲ့ စကားရယ်က ဒီကားလုံးမှာ သူ့ဘာသာပြောခဲ့တဲ့ စကားအကုန်ပါပဲ။ ဒီစကားတွေ အားလုံးကလည်း အမှုရဲ့အဖြေဆီ ဦးတည်နေခဲ့တယ်။ တကယ်လို့သာ ဒီစကားတွေကို လိုကီသိခဲ့ရင် အစကတည်းက ကွင်းဆက်မိပြီး မြန်မြန်ဖြေရှင်းနိုင်လောက်ပါတယ်။ ဒါပေမဲ့ ရဲတွေကို မယုံတော့တဲ့ ဟုချ်က သူ့ဘာသာပဲ ကြိတ်လုပ်ခဲ့လို့ ကွင်းဆက်က မမိခဲ့တာကတော့ သူတို့ကို တော်တော်လေးစိတ်ထဲ အားမလိုအားမရဖြစ်စေခဲ့သလို ရုပ်ရှင်ရဲ့ thrillerအရသာကလည်း အရသာပိုရှိသွားခဲ့တယ်။ အဲလက်စ်ဟာ Paul Danoရဲ့ သရုပ်ဆောင်သက်တမ်းမှာ သူ့အရည်အချင်းကို ထုတ်ပြနိုင်ခဲ့တဲ့ ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်ခဲ့သလို Paul Danoဟာလည်း ၁၀နှစ်ကလေးဉာဏ်ရည်နဲ့ လူကြီးဖြစ်နေတဲ့ အဲလက်စ် ဇာတ်ကောင်ကို ကောင်းကောင်းပုံဖော်သွားနိုင်ခဲ့တယ်။ အဲလက်စ်ဂျုန်းကို လွှတ်ပေးပြီးတဲ့နောက် စုံထောက်လိုကီဟာ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ရှာခဲ့တယ်။ ဒီမှာ သူထပ်တွေ့ခဲ့ရတာက ဖာသာရဲ့ မြေအောက်ခန်းထဲက အလောင်းပါပဲ။ ဖာသာကတော့ အဲဒီလူကိုသတ်တာဟာ အဲဒီလူဟာ ကလေး၁၆ယောက်ကိုသတ်ခဲ့ကြောင်းပြောပြီး သူ့ဆီအာပတ်လာဖြေရင်း ဘုရားသခင်နဲ့ စစ်ပွဲဆင်နေတဲ့အကြောင်းပြောခဲ့လို့ပါပဲ။ နောက်ပိုင်းမှာတော့ အဲဒီလူဟာ မစ္စတာဂျုန်းဖြစ်ကြောင်း ဟော်လီဂျုန်းရဲ့စကားနဲ့ဆက်စပ်နဲ့ ဆက်စပ်ပြီး သိခဲ့ရတယ်။ ဟော်လီဂျုန်းအိမ်က ပုံထဲက မစ္စတာဂျုန်းပုံမှာလည်း အလောင်းမှာတွေ့ရတဲ့ ဝင်္ကပါပုံစံလည်ဆွဲကို ဝတ်ဆင်ထားခဲ့တယ်။ ဒါကို လိုကီက နောက်ဆုံးမှ သိခဲ့ပါတယ်။ တကယ်လို့သာ လိုကီသာ အဲလက်စ်နဲ့ဆက်စပ်ပြီး ဂျုန်းကို သံသယဝင်ခဲ့လို့ ဒါကိုစောစောသတိထားမိခဲ့ရင် ဖာသာစကားနဲ့ချိတ်ဆက်ပြီး ဂျုန်းလင်မယားဟာ ကလေးခိုးသူတွေဖြစ်ကြောင်း ပိုစောစောသိရင်လည်း သိခဲ့နိုင်ပေမဲ့ ဒီမှာလည်း ထပ်လွတ်ပြန်တာပါပဲ။ ဖာသာက သူသတ်ခဲ့တဲ့ ကလေးသူခိုး (ဝါ) မစ္စတာဂျုန်းက မိသားစုနဲ့အတူလုပ်ခဲ့တာလို့ ပြောခဲ့တယ်လို့ပါ ပြောပြခဲ့ပေမဲ့လည်း လွတ်သွားတာပါပဲ။ တော်တော်လေး လက်တွေ့ကျတယ်လို့တောင် ပြောရမလားမသိပါဘူး။ ရှိနေတဲ့ သဲလွန်စအများကြီးမှာမှ မိချင်တဲ့ဟာပဲမိပြီး နောက်ဆုံးမှအမှုပေါ်သွားတာမျိုးပေါ့။ နောက်ထပ် စုံထောက်လိုကီ သံသယဝင်ခဲ့တဲ့သူကတော့ ဘော့တေလာပါ။ သူ့ကိုတော့ တရားခံအစစ်လို့ပါ သေချာထင်ခဲ့ကြတယ်။ သူကိုယ်တိုင်လည်း ဂျုန်းမိသားစုခိုးတာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါပဲ။ တရားခံအစစ်လို့ ထင်လည်းထင်ချင်စရာပါပဲ သူကတော့ တော်တော်စားတဲ့ ဇာတ်ကောင်ပါပဲ။ လိုကီဟာ သူ့ကို သံသယဝင်ပြီး သူ့အိမ်လိုက်သွားတော့ သူ့အိမ်မှာ သွေးစွန်းနေတဲ့ ကလေးအဝတ်တွေအများကြီးတွေ့ခဲ့ရသလို မြွေတွေ ဝင်္ကပါပုံတွေလည်း တွေ့ခဲ့ရတယ်။ သွေးစွန်းနေတဲ့ ကလေးအဝတ်တွေမှာ ပျောက်သွားတဲ့ကလေးတွေရဲ့ အဝတ်တွေပါနေတယ်လို့ မိသားစုက အတည်ပြုပြီးတဲ့နောက် သူ့ကိုပဲ တရားခံလို့ ကောက်ချက်ချပြီး ကလေးတွေအလောင်းရှိတဲ့နေရာကို ဆက်တိုက်မေးခဲ့ပေမဲ့ သူကတော့ ဝင်္ကပါပုံတွေပဲ ထိုင်ဆွဲပေးခဲ့တယ်။ နောက်ဆုံး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ ဒီမြွေတွေ ဝင်္ကပါတွေ ကလေးသတ်တာတွေဟာ တကယ်တမ်း မစ္စတာဂျုန်းစိတ်ဝင်စားခဲ့တဲ့ အရာတွေပါ။ သူ့ထရော်မာက လာတာတွေပါပဲ။ တကယ်တမ်း သူက ကလေးတွေကို မသတ်ခဲ့ဘဲ မစ္စတာဂျုန်းကို လိုက်တုပြီး ဝက်သွေးတွေနဲ့ ကလေးအဝတ်တွေနဲ့ အတုလုပ်ခဲ့တာဖြစ်ခဲ့တယ်။ သူဟာ မစ္စတာဂျုန်းပြန်ပေးဆွဲတာခံရပြီး လွတ်လာခဲ့သူဖြစ်ပေမဲ့ ဘာမှမမှတ်မိဘူးလို့ ကောက်ချက်ချထားခဲ့ကြပေမဲ့ ဒါတွေက သူမှတ်မိနေတာကိုတော့ ပြနေတယ်။ သူ့ကွင်းဆက်မှာတော့ ဖာသာ့ဆီက မစ္စတာဂျုန်းအလောင်းကဆွဲပြားနဲ့ တေလာဆွဲထားတဲ့ ဝင်္ကပါပုံတူနေတာကို လိုကီက သတိထားမိခဲ့ပေမဲ့ ဟော်လီဂျုန်းကို ကွင်းဆက်မမိခဲ့ပြန်ပါဘူး။ ပြောရရင် ဒီရုပ်ရှင်မှာ တကယ့်သဲလွန်စအစစ်တွေကို လိုကီရော ဒိုဗာရော ရခဲ့ပေမဲ့ တစ်ယောက်တစ်ခြမ်းစီလိုဖြစ်နေပြီး နှစ်ခုပေါင်းလိုက်ရင် ပြည့်စုံသွားမှာပေမဲ့ ဒိုဗာက လိုကီကို ဘယ်လိုမှမယုံတာကြောင့် မချိတ်ဆက်မိခဲ့တာကလည်း တော်တော်လေး အားမလိုအားမရဖြစ်စရာပါပဲ။ တကယ်တမ်း ဘယ်သဲလွန်စကိုမှ သူတို့မချိတ်ဆက်မိခဲ့ပါဘူး။ ကလေးမလေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျွိုင်းက ထွက်ပြေးပြီး လွတ်လာတဲ့အချိန် ဂျွိုင်းက ဒိုဗာကို "ဦးလေး အဲဒီမှာရှိခဲ့တယ်"လို့ ပြောမှပဲ ဒိုဗာက ဟော်လီဂျုန်းကို ကွင်းဆက်မိသွားသလို လိုကီကလည်း ဒိုဗာရှိမယ်ထင်တဲ့နေရာနောက်လိုက်ရင်း အဲလက်စ်ဂျုန်းကို တွေ့လို့ ရဲမှူးခိုင်းတဲ့အတိုင်း ဟော်လီဂျုန်းဆီသွားရင်းမှ ပုံကလည်ဆွဲကိုတွေ့သလို ကလေးကိုဆေးထိုးနေတာကိုလည်း လက်ပူးလက်ကြပ်မိခဲ့တာပါပဲ။ တော်တော်လေး မချင့်မရဲဖြစ်စရာကောင်းတဲ့ တည်ဆောက်ပုံနဲ့ thrillerအရသာအပြည့်ထွက်အောင် လုပ်သွားတဲ့ Villeneuveနဲ့ ဇာတ်ညွှန်းဆရာ Aaron Guzikowskiကို ဆလံပေးရမှာပါပဲ။ တစ်ချိန်လုံး အားမလိုအားမရဖြစ်စရာတွေ စိတ်ထဲမချင့်မရဲဖြစ်ချင်စရာတွေနဲ့ပဲ အသက်ဆက်သွားခဲ့တဲ့ ဒီကားဟာ အဆုံးထိလည်း ဒီလိုပဲ လုပ်သွားခဲ့ပါတယ်။ အရှိန်ကုန်တင်လိုက်တယ်လို့တောင် ပြောလို့ရတယ်။ လိုကီဟာ တွင်းထဲအပိတ်ခံထားရတဲ့ ဒိုဗာဝီစီမှုတ်တဲ့အသံ သဲ့သဲ့ကို‌တော့ ကြားလိုက်သလိုလိုဖြစ်နေတဲ့ အခန်းနဲ့ အဆုံးသတ်သွားခဲ့တာပါ။ တွေ့မတွေ့တော့ မပါတော့ပါဘူး။ တွင်းထဲက ဒိုဗာကို လိုကီတွေ့မလား မတွေ့ဘူးလားဆိုတဲ့ မသေချာမှုနဲ့ အဆုံးသတ်သွားခဲ့တာက ပရိသတ်တွေအတွက် စိတ်ထဲ မကျေမလည်ဖြစ်ချင်စရာ ကောင်းနေတယ်။ ဒါပေမဲ့ Screenrantက ဆောင်းပါးထဲတော့ Prisonersလို ရုပ်ရှင်မျိုးဟာ လုံးဝသေချာနေတဲ့ Happy Endingနဲ့ အဆုံးသတ်ရင် ကြောင်တောင်တောင်ဖြစ်သွားမယ်လို့ ဆိုပါတယ်။ သူ့စကားကို တွေးကြည့်တော့ ဟုတ်လည်းဟုတ်ပါတယ်။ ဒီလိုမဟုတ်ပေမဲ့ လူပျောက် ပြန်တွေ့ ပျော်စရာဇာတ်သိမ်းနဲ့ အဆုံးသတ်သွားတဲ့ကားတွေ ကျွန်တော်တို့ကြည့်ခဲ့ဖူးပါတယ်။ နည်းနည်းပေါနေတဲ့ ကားတွေ ဖြစ်နေတတ်တာလည်း များသလို ဒီကားရဲ့အဆုံးသတ်ကို မိသားစုပြန်ပေါင်းစည်းကြလေသတည်းဆိုပြီး ကိုယ့်ဘာသာတွေးကြည့်တော့လည်း အခုအဆုံးသတ်လို အရသာရှိမနေပြန်ပါဘူး ဒီတိုင်းသာ အကောင်းဆုံးလို့ပဲ သူ့စကားအတိုင်း ထောက်ခံရမှာပါပဲ။ တစ်ချိန်တည်းမှာပဲ ဒိုဗာအတွက် စိတ်မကောင်းဖြစ်စရာကောင်းသလို တစ်ဖက်မှာလည်း ဒိုဗာ အဲလက်စ်အပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအရ ဖြစ်သင့်လို့ဖြစ်လာတယ်လို့ ထင်ချင်စရာလည်း နည်းနည်းကောင်းတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်တော့ ဒိုဗာမမှားခဲ့ပါဘူး။ အဲလက်စ်ဟာ ၁၀နှစ်ကလေးဉာဏ်ရည်ပဲရှိသလို အပြစ်ကင်းတယ်လို့ အဆုံးမှာ ကောက်ချက်ချခဲ့ပေမဲ့ တကယ်တမ်း ဟော်လီဂျုန်းစကားအတိုင်းဆို အဲလက်စ်ဟာ ဟော်လီဂျုန်းဆီ ကလေးတွေကို မခေါ်သွားခဲ့ရင် ကလေးတွေအဖမ်းမခံရပါဘူး။ ဟော်လီဂျုန်းကတော့ အဲလက်စ်ဟာ ကလေးတွေကို ခေါ်ပဲခေါ်လာတာ လက်ဖျားနဲ့တောင် မထိခဲ့ဘူးလို့ ဒိုဗာ့ကို ကျင်းထဲ ပစ်မချခင်ပြောခဲ့ပါတယ်။ ဒါကလည်း ဒိုဗာ့ကို အပြစ်ရှိစိတ်ဝင်စေချင်လို့ပဲ ဖြစ်နိုင်ပါတယ်။ ကြောက်လို့ပဲဖြစ်ဖြစ် စိတ်မနှံ့လို့ပဲဖြစ်ဖြစ် ဟော်လီဂျုန်းဆီမှာ ရှိနေတာသိသိနဲ့ ဟော်လီဂျုန်းကို သူလုံးဝမဖော်ခဲ့တဲ့အချက်ကလည်း တကယ်မပြောတတ်လို့ပဲဆိုဆို အပြစ်ကင်းတယ်လို့ မထင်ရပြန်ပါဘူး။ အပြစ်ကင်းနေရင်တောင် ချုပ်ထားခဲ့တဲ့ ဒိုဗာမမှားခဲ့ပါဘူး။ ဟော်လီဂျုန်းက အဲလက်စ်မရှိလို့ သူအထီးကျန်လွန်းလို့ ကလေးတွေကို ကျင်းထဲကနေ ထုတ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒိုဗာသာ အဲလက်စ်ကို မချုပ်ထားခဲ့ရင် ဂျွိုင်းလည်း လွတ်လာမှာမဟုတ်သလို သူတို့လည်း ဘယ်တော့မှ တွေ့တော့မှာမဟုတ်ပါဘူး။ ဒိုဗာရဲ့လုပ်ရပ်တွေဟာ လွန်ကျူးခဲ့ပေမဲ့ မမှားခဲ့လို့ ဒီကံကြမ္မာနဲ့ မထိုက်တန်ခဲ့ပါဘူး။ ဝမ်းနည်းစရာကောင်းတာက ဒီအမှုကို တကယ်တမ်းဖြေရှင်းလိုက်တာက ဒိုဗာဖြစ်ခဲ့ပေမဲ့ သူ့သမီးက လိုကီ့ဆီလာလည်တော့ သူ့အ‌မေက သူ့သမီးက သူ့သူရဲကောင်းကိုလာတွေ့တာလို့ပြောခဲ့တာပါပဲ။ တကယ်တမ်း သူလွတ်လာတဲ့ အကျိုးဆက်ဖြစ်လာစေခဲ့တဲ့ အကြောင်းတရားဖြစ်ခဲ့တဲ့ သူ့သူရဲကောင်းအစစ်ဖြစ်ခဲ့တဲ့ သူ့အဖေကတော့ လူဆိုးသက်သက်ဖြစ်သွားသကိုး။ သူ့အဆုံးသတ်က လိုကီက ဒိုဗာကိုတွေ့မတွေ့က မရေမရာဖြစ်နေပေမဲ့ ကျွန်တော်တော့ တွေ့မယ်လို့ပဲ မြင်ပါတယ်။ အားလုံးထွက်သွားပြီး မီးတွေပါအမှောင်ချသွားခဲ့တဲ့ ညလယ်ခေါင်နားမှာ ဒိုဗာဟာ ဒီအသံကို ကျိန်းသေရှာတွေ့မှာပါပဲ။ ဘာလှုပ်ရှားမှုမှမရှိတော့တဲ့ ညနက်ရဲ့ တိတ်ဆိတ်တဲ့ဓာတ်ဟာ အသံ အရွေ့အနံ့စသဖြင့် အပြောင်းအလဲသေးသေးလေးတွေကိုတောင် တော်တော်ထင်းစေတဲ့ ဓာတ်မျိုးပါပဲ။ ဒီတိုင်း အရာအားလုံးတိတ်နေငြိမ်နေလို့ ထင်ရှားသွားတယ်ဆိုတာထက် သူ့ဓာတ်မှာကို တစ်ခုခုရှိနေသလို ကျွန်တော်တော့ ခဏခဏခံစားမိဖူးတယ်။ ဒီတော့ တွေ့ကိုတွေ့မယ်လို့ပဲ ယုံပါတယ်။ ရုပ်ရှင်ရဲ့ အကျဉ်းသားများဆိုတဲ့ နာမည်ကိုတော့ Screenrantက အဓိဇာတ်ကောင်၂ကောင် သူတို့ကိုယ်တိုင်အကျဉ်းသားဖြစ်လာတဲ့ အကျိုးဆက်နဲ့ ရင်ဆိုင်လာရတာကိုပြောချင်တာလို့ အဓိပ္ပာယ်ကောက်ထားပါတယ်။ ဒိုဗာကလည်း သူ့သမီးကိုရှာဖို့ သူ့လူသားဆန်မှုကို ကျောခိုင်းပြီး သောကတွေရဲ့ အကျဉ်းသားဖြစ်လာခဲ့သလို နောက်ဆုံးမှာ ကျင်းထဲမှာ အကျဉ်းသားဖြစ်သွားရတယ်။ လိုကီကလည်း ကလေးတွေကိုရှာဖို့ အရမ်းစိတ်စွဲနေတာကြောင့် သူ့အမှုမှာ သူပိတ်မိပြီး သူ့အမှုရဲ့အကျဉ်းသားဖြစ်ခဲ့ပေမဲ့ အန်နာကိုကယ်ပြီး ဒီအကျဉ်းထဲက ထွက်လာနိုင်ခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ဒိုဗာကိစ္စက သူ့အတွက် မတင်မကျဖြစ်နေသေးတာမို့ ဒိုဗာကိုရှာမတွေ့မချင်း ဒီအမှုမှာ လိုကီဟာ အကျဉ်းသားဖြစ်နေဦးမယ်လို့မြင်တယ်။ ဒိုဗာကို လိုကီတွေ့ခဲ့ရင်တော့ နှစ်ယောက်စလုံး အကျဉ်းသားဘဝက လွတ်မြောက်သွားမှာပါ။ တစ်နည်းပြောရရင် ဝင်္ကပါထဲက လွတ်သွားမှာပါ။ ဒိုဗာကို လိုကီမတွေ့ခဲ့ရင်တော့ နှစ်ယောက်စလုံး အကျဉ်းသားအဖြစ် ကျန်ရှိနေမှာပါပဲ။ ဘယ်လိုဖြစ်စေချင်လဲကတော့ ထုံးစံအတိုင်း ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်ပေါ့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။) File size…(5.6 GB)/(1.8 GB )/(1.3 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

ဇာတ်လမ်းအကြောင်း