ဇာတ်ကားများ ရွေးရန်

After the Storm

2016ဇာတ်ကားအမှတ် 7.2/10117 မိနစ်

ငယ်ငယ်ကတည်းက စာရေးကောင်းခဲ့ပြီး စာရေးဆရာအဖြစ် အသက်မွေးချင်သူတစ်ယောက်ဟာ ကိုယ့်မိသားစုကို အခြေခံရေးထားတဲ့ စာအုပ်နဲ့ စာပေဆုတောင် ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်တစ်အုပ်ထပ်ရေးဖို့ အချိန်အတော်ကြာ ကြိုးစားနေသလောက် မဖြစ်လာဘူး။ ဝင်ငွေနည်းနေတဲ့ကြားက လောင်းကစားဝါသနာကလည်း ပါသေးတယ်။ ငွေအလွယ်တကူရနိုင်မယ့် စာမျိုးကျတော့ သူ့မာနကြောင့် မရေးချင်ပြန်ပါဘူး။ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ဇနီးနဲ့ ကွဲသွားတဲ့နောက် အချိန်ပိုင်းစုံထောက်အလုပ်ကနေ ငွေကောင်းကောင်းရပေမယ့် လောင်းကစားကြောင့် ကလေးစရိတ်တောင် မပေးနိုင်ဘူး။ သားနဲ့ ဇနီးကိုတော့ သူချစ်နေတုန်းပါ။ သားကို တစ်လတစ်ခါတွေ့ရဖို့ ကလေးစရိတ်ကိစ္စကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်လွှဲနေရသလို၊ ဇနီးဟောင်းကလည်း စရိတ်မပေးနိုင်တဲ့သူ့ကို မကြည်ဖြူတော့ပါဘူး။ သူ့အဖေကတော့ ဆုံးသွားပါပြီ။ အသက်ရှိစဉ်က ဇနီးကို ဒုက္ခပေးလေ့ရှိတဲ့ လောင်းကစားသမားဖြစ်ပြီး သားဖြစ်သူဆီမှာလည်း အဲဒီအမူအကျင့်တွေ ပါလာတယ်။ အဖေကို ဇာတ်လမ်းထဲမှာ လူကိုယ်တိုင်မတွေ့ရပေမယ့် ကျန်ခဲ့သူတွေ ပြောကြတဲ့စကားတွေနဲ့ သားရဲ့အပြုအမူတွေကနေ သူ့အကြောင်းကို သိလာရပါတယ်။ အမေကတော့ တစ်ယောက်တည်း နေထိုင်နေရသူပါ။ တစ်ရက်မှာ သားကို ခေါ်ထားရင်း ကလေးစရိတ်အတွက် အမေ့အိမ်က ပိုက်ဆံခိုးဖို့ သူစိတ်ကူးမိတယ်။ ဒါနဲ့ သားကိုပါ အမေ့အိမ် ခေါ်သွားပါတယ်။ ဇနီးဟောင်းက ကလေးကို လာကြိုချိန်မှာ မုန်တိုင်းတိုက်နေတာကြောင့် အိမ်မပြန်နိုင်ကြတော့ဘဲ အဲဒီအိမ်မှာ မိသားစုတစ်စု တစ်ညတာ အတူနေဖြစ်သွားကြတယ်။ အပြင်ကမုန်တိုင်း လွန်သွားရင်တောင် သူ့ဘဝမှာ ရှုပ်ထွေးနေတဲ့ကိစ္စတွေကရော ပြေလည်လာနိုင်ပါ့မလား။ Koreeda ရဲ့ ဒီဇာတ်ကားမှာ Hiroshi Abe နဲ့ Kirin Kiki တို့က သားအမိအဖြစ် သရုပ်ဆောင်ထားပါတယ်။ Still Walking မှာ မိဘအိမ်ကို အလည်ပြန်လာကြတဲ့ သားသမီးတွေရဲ့ တစ်ရက်တာကို အခြေခံထားသလို ဒီကားမှာလည်း မိသားစုအကြောင်းကို ရိုးရိုးရှင်းရှင်း ပြောပြထားတယ်။ ဒီတစ်ခါမှာတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမေရဲ့ဘဝ၊ မဖြစ်မြောက်သေးတဲ့ ရည်မှန်းချက်တွေနဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေးကြားမှာ နေရတဲ့ သားရဲ့ဘဝကို အချိန်ပေးပြထားပါတယ်။

ဇာတ်လမ်းအကြောင်း