Paradise Alley (1978) မင်းသားကြီး စတားလုံးရဲ့ ထူးခြားတဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ Sports Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်ကားဟာ Stallone က မင်းသားအဖြစ် သရုပ်ဆောင်ရုံတင်မကဘဲ သူ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်လို့ပါပဲ။ "၁၉၄၀ ပြည့်လွန်နှစ်များက နယူးယောက်ဆင်းရဲသားရပ်ကွက်က ညီအစ်ကိုသုံးယောက်ရဲ့ နပန်းကစားပွဲအိပ်မက်" ဇာတ်လမ်းကတော့ ၁၉၄၀ ခုနှစ်များက နယူးယောက်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်ဖြစ်တဲ့ Hell's Kitchen မှာ အခြေခံထားပါတယ်။ ကာဗိုနီ လို့ခေါ်တဲ့ အီတလီ-အမေရိကန် ညီအစ်ကို သုံးယောက်ဟာ ဒီဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ Cosmo (Sylvester Stallone): အပြောကောင်း၊ အကြံကောင်းပြီး ပိုက်ဆံအလွယ်ရမယ့် လမ်းကို အမြဲရှာနေတဲ့ လူလည်.. Lenny (Armand Assante): ဒုတိယကမ္ဘာစစ်ကနေ ဒဏ်ရာနဲ့ ပြန်လာပြီး လူနာတင်ကားမောင်းကာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ ဝါရင့်အကိုကြီး Victor (Lee Canalito): ဖြူစင်ရိုးသားပြီး ခန္ဓာကိုယ်သန်မာထွားကြိုင်းတဲ့ အငယ်ဆုံး ညီလေး တစ်နေ့မှာတော့ Cosmo ဟာ "Paradise Alley" လို့ခေါ်တဲ့ မြေအောက်နပန်းကလပ်တစ်ခုက ကစားပွဲတွေမှာ ဆုကြေးငွေအမြောက်အမြား ရနိုင်တာကို တွေ့သွားပြီး၊ သူ့ရဲ့ ညီအစ်ကိုတွေကို စည်းရုံးကာ ညီဖြစ်သူ Victor ကို နပန်းသမားအဖြစ် ပြုစုပျိုးထောင်ပါတော့တယ်။ Cosmo ရဲ့ လူသိအောင် ကြော်ငြာနိုင်တဲ့ အရည်အချင်း။ Lenny ရဲ့ ဗျူဟာမြောက် လှည့်ကွက်တွေနဲ့ ညီအစ်ကိုသုံးယောက် ပေါင်းစည်းပြီး... ဆင်းရဲတွင်းက ရုန်းထွက်မလဲဆိုတာကို ရိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်