ချာလီချက်ပလင်ဆိုတာနဲ့ တစ်ကမ္ဘာလုံးကနေ ဦးထုပ်ဝိုင်း နှုတ်ခမ်းမွှေးနဲ့ တုတ်ကောက်နဲ့ ကို့ရို့ကားယား လမ်းလျှောက်ပြီး စကားပြောမပါပေမဲ့ အသံတိတ်သရုပ်ဆောင်ချက်တွေနဲ့အတူ လူတွေအားလုံးကို ရယ်မောပျော်ရွှင်စေခဲ့တာမို့ ကျွန်တော်တို့ဆီမှာလည်း ကလေးကစ ခွေးအဆုံး သိတဲ့ ကမ္ဘာကျော်တစ်ဦးပါ။ သို့ပေမဲ့ တစ်ကမ္ဘာလုံးကို ရယ်မောစေခဲ့သူကြီးဟာ သူကိုယ်တိုင်ကရော သူ့ဘဝကြီးမှာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ရပါသလား... နောက်ကွယ်မှာ ချာလီချက်ပလင်တစ်ယောက်ဟာ အနုပညာအောင်မြင်မှုတွေအပြင် ကျွန်တော်တို့လို သာမန်လူသိပ်မသိတဲ့ သူ့ အချစ်ရေး အရှုပ်တော်ပုံတွေ နိုင်ငံရေးအရ နှိပ်ကွပ်ခံရတာတွေ ပြန်ဆော်ခဲ့တာတွေ ဟာသမျက်နှာဖုံးအောက်က အထီးကျန်ဆန်မှုတွေနဲ့အတူ ဘဝကြီးကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာကို ရသစုံလင်စွာနဲ့ ခံစားရမယ့် အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဒီ Iconic ဖြစ်တဲ့နေရာကြီးကို ဘယ်သူက သရုပ်ဆောင်ပေးထားတာလဲဆိုတော့ကား Iron Man အနေနဲ့ အားလုံးသိထားကြတဲ့ မင်းသားကြီး Robert Downey Jr. က သရုပ်ဆောင်ပီပြင်အောင် လပေါင်းများစွာ လေ့ကျင့်ထားပြီးမှ ရှယ်သရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ အဲဒီနှစ်ရဲ့ Oscar ဆုပေးပွဲမှာလည်း မင်းသားဆု ဆန်ခါတင်ပါခဲ့ပေမဲ့ Anthony Hopkins က The Silence of the Lambs နဲ့ ရသွားလို့သာ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ဆိုင်စွာနဲ့ မင်းသားကြီး Anthony Hopkins က ဒီ Chaplin ကားမှာလည်း ချာလီချက်ပလင်ကို အင်တာဗျူးနေတဲ့ အယ်ဒီတာကြီးအဖြစ် ပါဝင်ထားတာပါ။ ဒီ ရုပ်ရှင်ထဲမှာဆိုရင်တော့ လန်ဒန်မြို့ ဆင်းရဲသားရပ်ကွက်ထဲက တစ်ချက်တစ်ချက် စိတ်မနှံ့သလိုဖြစ်သွားတဲ့မိခင်ကနေ မွေးဖွားလာတဲ့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်အဖြစ်ကနေ အစ်ကို့ရဲ့အပတ်အသက်ကနေမှ အင်္ဂလန်ပြဇာတ်တွေမှာ ဟာသဇာတ်ဆောင်နေရာကနေ အမေရိကားထိ သွားပြီး ဘယ်လိုတွေ ထင်ရှားပေါ်လွင်လာအောင် ကြိုးစားခဲ့ရတယ်ဆိုတာတွေ။ နာမည်ကျော်ဇာတ်ကောင် The Tramp ကို ဘယ်လိုဖန်တီးဖြစ်ခဲ့တာတွေ ကိုယ်ပိုင်စတူဒီယို ဘယ်လိုထောင်ခဲ့တာတွေ အသံတိတ်ရုပ်ရှင်တွေလုပ်နေရင်း စကားပြောရုပ်ရှင်တွေပေါ်လာတဲ့အခါ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရတာတွေ အစုံအလင်ပါတဲ့အပြင် ဆရာသမားက လီယိုနာဒို နေခဲ့တော့လို့ ပြောရမလိုပဲ မိန်းကလေးတွေဆို အသက်မပြည့်သေးတဲ့ အရွယ်ကောင်းလေးတွေနဲ့ ဇာတ်ပေါင်းစုံ ရှုပ်ခဲ့တာတွေရော စစ်ကြီး ၂ ခုကို ဖြတ်သန်းခဲ့ပြီး ကွန်မြူနစ်ဆိုပြီး စွပ်စွဲခံရတာတွေကြောင့် အမေရိကားမှာ အင်္ဂလိပ်သားအနေနဲ့ FBI က နောက်ကနေ ချောင်းမြောင်းနေပြီး ဘယ်လိုတွေ အရေးယူကိုင်တွယ်မယ်ဆိုတာတွေရော ပြည်နှင်ဒဏ်တွေ ဘယ်လိုထိခဲ့တာတွေရောကို ဘဝဇာတ်ခုံ အနိမ့်အမြင့် အတက်အကျ စုံလင်စွာနဲ့ ပုံဖော်ထားတာပါ။ နောက်ပြီး ဒီကားထဲမှာ ထူးခြားတာတစ်ခုက ချာလီချက်ပလင်ရဲ့အမေနေရာကို တကယ့်အပြင်က ချာလီရဲ့သမီးဖြစ်သူက ပြန်သရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်သိမ်းပိုင်း ၁၉၇၂ ခုနှစ် အော်စကာစင်မြင့်ထက်မှာ အသက်ကြီးနေပြီဖြစ်တဲ့ ချာလီချက်ပလင် တစ်ယောက် Honorary Academy Award ကို ၁၂ မိနစ်ကြာ လက်ခုပ်တီးပြီး မျက်ရည်ဝဲကာ လက်ခံရယူတဲ့ မြင်ကွင်းကတော့ ရုပ်ရှင်ချစ်သူတိုင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ရတဲ့ သမိုင်းဝင် အခိုက်အတန့် ဖြစ်မယ်လို့ ယူဆမိရင်း ဒီအညွန်းလေးကို နိဂုံးချုပ်လိုက်ပါရစေဗျာ...။
ဇာတ်ကားကြည့်ရန်