လန်ဒန်မြို့မှာ Jack the Ripper ရဲ့ ကွင်းဆက်လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ၊ ၁၈၈၉ ခုနှစ်မှာ ဇာတ်လမ်းစပါတယ်။ ရဲတွေ အပြင်းအထန် စုံစမ်းခဲ့ကြပေမယ့် လူသတ်သမား ဘယ်သူလဲဆိုတာ မဖော်ထုတ်နိုင်သေးဘူး။ London Morning’s Times က သတင်းထောက် ဆီဘက်ရှန် စတပ်ဘ်ဟာ ၁၈၈၈ ခုနှစ်က ဒီလူသတ်မှုတွေအကြောင်း ရေးသားရင်း အောင်မြင်ခဲ့သူပါ။ အခုတော့ လူစိတ်မဝင်စားတဲ့ သတင်းတွေပဲ ရေးနေရပြီး အိမ်ငှားခတောင် မပေးနိုင်လောက်အောင် ငွေကြေးကျပ်တည်းနေပါတယ်။ တစ်နေ့မှာ သူ့ဆီ ထူးဆန်းတဲ့စာတစ်စောင် ရောက်လာတယ်။ လူသတ်မှုတစ်ခုအကြောင်း ရေးထားပြီး အောက်ခြေမှာ Jack the Ripper လို့ လက်မှတ်ထိုးထားပါတယ်။ နောက်တစ်နေ့မနက်မှာတော့ စာထဲမှာ ဖော်ပြထားတဲ့နေရာ၌ လူသတ်မှုတစ်ခု တကယ်ဖြစ်လာတယ်။ စာရေးသူက သူ့လူသတ်မှုတွေကို သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြစေချင်နေတာပါ။ စာတွေ ထပ်ရောက်လာသလို လူသတ်မှုတွေလည်း ဆက်ဖြစ်လာတဲ့အခါ ဆီဘက်ရှန် စုံစမ်းဖို့ ဖြစ်လာပါတယ်။ ဒီစာတွေအကြောင်း သတင်းရေးလိုက်ရင် သူ့ငွေကြေးအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်။ တစ်ဖက်မှာလည်း အဲဒီလိုရေးတာဟာ လူသတ်သမားလိုချင်တဲ့ လူထုအာရုံစိုက်မှုကို ပေးလိုက်သလို ဖြစ်နေတယ်။ ရေးသင့်မရေးသင့် ဝေခွဲမရဖြစ်နေရင်း အမှုကို ဆက်တူးဆွကြည့်တဲ့အခါ သူထင်ထားတာထက် ပိုရှုပ်ထွေးနေတဲ့ အကြောင်းတွေကို တွေ့လာရပါတယ်။
ဇာတ်ကားကြည့်ရန်