ဇာတ်ကားများ ရွေးရန်

The Banshees of Inisherin

2022ဇာတ်ကားအမှတ် 7.5/10114 မိနစ်

အင်နီရှဲရင်ကျွန်းပေါ်က ရွာလေးတစ်ရွာမှာ နေကြတဲ့ ကွမ်နဲ့ ပက်ဒရစ်တို့ဟာ သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ကွမ်က ပက်ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးလို့ ရုတ်တရက်ပြောပြီး အဆက်အသွယ်ဖြတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတာ နားမလည်နိုင်တဲ့ ပက်ဒရစ်က ရှင်းရှင်းလင်းလင်း သိရအောင် ကြိုးစားပေမယ့် ပြဿနာတွေက ပိုရှုပ်လာပါတယ်။ နှစ်ယောက်ကြားမှာ မုန်းတီးမှုတွေ တိုးလာပေမယ့် အပြင်လူနဲ့ အရေးကြုံရင် ကူညီပေးတတ်ကြသေးတယ်။ တစ်ယောက်ရဲ့တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်နေကြဆဲပါ။ အဲဒီလို သံယောဇဉ်နဲ့ အမုန်းတွေ ရောနေတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရယ်ရခက်၊ ငိုရခက်ဖြစ်စေတဲ့ ဟာသအမည်းပုံစံနဲ့ တင်ပြထားပါတယ်။ ဒီကားကို Martin McDonagh ကိုယ်တိုင် ရေးသားရိုက်ကူးထားတာပါ။ သူဟာ In Bruges၊ Seven Psychopaths နဲ့ Three Billboards Outside Ebbing, Missouri တို့ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်မှာ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့သဘောလည်း ပါဝင်ပါတယ်။ အဲဒီသမိုင်းနောက်ခံကတော့ ၁၈၀၁ ခုနှစ်ကတည်းက ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက် ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ်ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့တဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲဆီက စတာပါ။ ၁၉၂၁ ခုနှစ်မှာ စစ်ပွဲရပ်စဲဖို့ အင်ဂလို-အိုင်ယာလန်စာချုပ် ချုပ်ဆိုဖို့ ဖြစ်လာတယ်။ စာချုပ်အရ အိုင်ယာလန်က တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာမှာဖြစ်ပေမယ့် ဗြိတိသျှအင်ပါယာအတွင်း ဆက်ရှိနေမှာပါ။ အဲဒီစာချုပ်ကို လက်ခံသူတွေနဲ့ လက်မခံသူတွေ နှစ်ဖွဲ့ကွဲရာက ပြည်တွင်းစစ် ဖြစ်လာပြီး နောက်ဆုံး စာချုပ်လက်ခံတဲ့ဘက်က အနိုင်ရခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း