ဇာတ်ကားများ ရွေးရန်

Savageland

2015ဇာတ်ကားအမှတ် 6.8/1080 မိနစ်

Savageland (2015) ဒီကားက Horror ဆိုပေမယ့် သာမန် ရုတ်တရက်လန့်ပြီး ခုန်အော်ရတဲ့ Horror မျိုးမဟုတ်ပါဘူး။ Horror ဝါသနာအိုးတွေ သိကြမှာပေါ့။ "Lake Mungo" တို့၊ "The Blair Witch Project" တို့လိုမျိုး Found Footage / Mockumentary ( မှတ်တမ်းရုပ်ရှင်အတု) ပုံစံကို တော်တော်လေး ပုံစံကျကျနဲ့ ဖန်တီးထားတာပါ။ အမေရိကန်-မက္ကဆီကိုနယ်စပ်နားက Sangre de Cristo( ခရစ်တော်ရဲ့သွေး) ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာ နေတဲ့ မိသားစုတွေအားလုံး အစုလိုက်အပြုံလိုက် ညတွင်းချင်း အသတ်ခံလိုက်ရတယ်။သေသူတွေရဲ့ သွေးစီးကြောင်းတွေဟာ တစ်ခုခုရဲ့ ဆွဲထားတာခံရသလိုမျိုး မြို့ပတ်လည်က ကန္တရဆီ ဦးတည်နေခဲ့တယ်။ မြို့သူ/သားအားလုံး သေဆုံးသွားပြီး 'ဖရန်ကီ ဆလာဇာ' ဆိုတဲ့ မက္ကဆီကို ရွှေ့ပြောင်းလုပ်သားတစ်ဦးပဲ အသက်ရှင်ကျန်ခဲ့တယ်။ အာဏာပိုင်တွေက သေသူတွေရဲ့ သွေးပေါင်းစုံ ပေကျန်နေတဲ့ သူ့ကိုပဲ လူသတ်သမားအဖြစ် သံသယရှိပြီး စွဲချက်တင်လိုက်တယ်။ ဒါပေမဲ့ ဒီကားရဲ့ အဓိက အသက်ကတော့ အဲဒီညက ဆလာဇာရိုက်ထားခဲ့တဲ့ ကင်မရာဖလင်လိပ် ကို ပြန်တွေ့ပြီး ဓာတ်ပုံတွေ ကို ဖော်ထုတ်လိုက်တဲ့အခါမှ စတာပဲ။ အဲဒီဓာတ်ပုံတွေက မြို့လူထုကို သတ်ခဲ့တာဟာ လူမဟုတ်ဘဲ ကြောက်စရာကောင်းတဲ့အရာကြီးတစ်ခုခု ဖြစ်တယ်ဆိုတာကို ညွှန်ပြနေခဲ့တဲ့အခါ.... သွေးသံရဲရဲတွေ၊ ရုတ်တရက်ထွက်လာတဲ့ Jump Scare တွေ သိပ်မပါဘဲ၊ ဓာတ်ပုံတစ်ပုံချင်းစီကို ကြည့်ရင်း ကိုယ်တိုင် စိတ်ကူးနဲ့ ခြောက်ခြားရတဲ့ အရသာမျိုးကို ပေးတယ်။ မရှင်းမလင်း ညဘက်ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ဘာတွေပါနေလဲဆိုတာကို စူးစမ်းရင်း ကျောချမ်းလာပါလိမ့်မယ်။ ဒီကားကို မှတ်တမ်းရုပ်ရှင်အစစ်လိုပဲ ရိုက်ကူးထားတာ။ ရဲအရာရှိတွေ၊ ဒေသခံတွေ၊ သတင်းသမားတွေရဲ့ အင်တာဗျူးပုံစံတွေက အစ၊ သရုပ်ဆောင်တွေကပါ တကယ့်လူတွေလိုပဲ သဘာဝကျလွန်းတယ်။ ဒါကြောင့် ကြည့်နေရင်း "ဒါ တကယ်များလား" ဆိုပြီး စဉ်းစားမိမှာ သေချာပါတယ်။ ဇာတ်လမ်းထဲမှာ ဆလာဇာဟာ ရွှေ့ပြောင်းလုပ်သား (Immigrant) ဖြစ်တဲ့အတွက် လူတွေက ဘယ်လို အစွဲနဲ့ တရားစီရင်ချင်ကြလဲ၊ မီဒီယာတွေက ဘယ်လိုပုံဖော်လဲဆိုတဲ့ လူမှုရေးရှုထောင့် တွေကိုပါ ထိထိမိမိ ပေါင်းစပ်ထားပါတယ်။ တစ်ချက်သတိပေးချင်တာကတော့... Found Footage / Mockumentary ဇာတ်ကားတွေကို သဘောမကျဘူးဆိုရင်တော့ ဒီကားက ပျင်းဖို့ကောင်းတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ အဖြစ်အပျက်တွေက ဖြည်းဖြည်းချင်း သွားတာမျိုး၊ အင်တာဗျူးတွေနဲ့ ဇာတ်အိမ်ကို တစ်ဆင့်ချင်း တည်ဆောက်တာမျိုးကို သည်းခံနိုင်မှ ကြည့်သင့်တယ်။ "Savageland" က ရိုးရိုး Horror မဟုတ်ဘဲ၊ ပုံစံတကျ တည်ဆောက်ထားတဲ့၊ စိတ်ကိုခြောက်လှန့်နိုင်တဲ့၊ ခေါင်းထဲမှာ အကြာကြီး စွဲကျန်နေမယ့် ဇာတ်ကားတစ်ခု ကို ရှာနေတယ်ဆိုရင်တော့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲဗျာ။

ဇာတ်လမ်းအကြောင်း