ဇာတ်ကားများ ရွေးရန်

Get Shorty

1995ဇာတ်ကားအမှတ် 6.5/10105 မိနစ်

ချီလီပါလ်မာက တရားမဝင် အတိုးကြီးကြီးနဲ့ ငွေချေးတဲ့လုပ်ငန်းမှာ အကြွေးလိုက်တောင်းပေးရသူပါ။ လိုအပ်ရင် ဂိုဏ်းစတားဆန်ဆန် လုပ်တတ်ပြီး သူတောင်းလို့ မရတဲ့အကြွေး မရှိသလောက်ပဲ။ သွေးအေးတယ်၊ သတ္တိရှိတယ်၊ ဆဲတာတောင် ရည်ရည်မွန်မွန် ဆဲတတ်သူ။ သူ့ဆီက “ကျုပ်ကိုကြည့်စမ်းပါ” ဆိုတဲ့စကား ထွက်လာပြီဆိုရင် တစ်ဖက်လူက သူလိုချင်တာကို လိုက်လျောရဖို့ များနေပြီ။ ဒီစကားကလည်း ရုပ်ရှင်တစ်လျှောက် သူပြောနေကျစကားပါ။ ချီလီက အကြွေးတောင်းသမားဖြစ်ပေမယ့် ရုပ်ရှင်ဝါသနာအိုးလည်း ဖြစ်နေတယ်။ တစ်နေ့ အကြွေးမဆပ်ဘဲ ထွက်ပြေးသွားသူနောက် လိုက်ရင်း လော့စ်အိန်ဂျလိစ်အထိ ရောက်လာပါတယ်။ ငွေချေး၊ အကြွေးတောင်းတဲ့အလုပ်ကို စိတ်ကုန်နေပြီဖြစ်တဲ့ ချီလီက ရုပ်ရှင်တစ်ကားလောက် ထုတ်လုပ်ကြည့်ရင် ကောင်းမလားလို့ စိတ်ကူးပေါက်ရာက ဟောလီးဝုဒ်က လူတွေနဲ့ ပတ်သက်မိတော့တာပါ။ သူလိုက်ရှာနေတဲ့ လီယိုက လေယာဉ်ပျက်ကျတဲ့အထဲ မပါဘဲ ပါသွားသလို ဟန်ဆောင်ပြီး လေကြောင်းလိုင်းရဲ့ အာမခံငွေကို လိမ်ယူထွက်ပြေးလာသူ။ ချီလီတို့ဆီမှာလည်း အကြွေးကျန်နေတယ်။ ဒါရိုက်တာ ဟယ်ရီကတော့ ဇာတ်ညွှန်းကောင်းတစ်ပုဒ် တွေ့ထားပေမယ့် ဝယ်ဖို့ငွေ မတတ်နိုင်ဘူး။ ထုတ်လုပ်သူတွေပေးထားတဲ့ငွေနဲ့ ဘောလုံးပွဲလောင်းပြီး အမြတ်ရဖို့ ကြံမိရာက ရှုံးသွားလို့ အခက်တွေ့နေပါတယ်။ တစ်ဖက်မှာလည်း ဇိမ်ခံကားအငှားလုပ်ငန်းကို ဗန်းပြပြီး မူးယစ်ဆေးရောင်းနေတဲ့ လူဆိုးတစ်စုက ရုပ်ရှင်လုပ်ငန်းထဲ ဝင်ချင်နေကြတယ်။ အရည်အချင်းရှိပေမယ့် သရဲကားတွေမှာပဲ သရုပ်ဆောင်နေရလို့ ငြီးငွေ့နေတဲ့ မင်းသမီးတစ်ယောက်နဲ့ သူ့ခင်ပွန်းဟောင်း၊ အရပ်ပုပေမယ့် သရုပ်ဆောင်ကောင်းတဲ့ နာမည်ကြီးမင်းသားတစ်ယောက်လည်း ပါလာသေးတယ်။ ချီလီ့အပေါ် ဩဇာပြချင်ပေမယ့် သူ့လက်ချက်ပဲ အမြဲခံနေရတဲ့ ငွေချေးသမား ဘာဘိုနီလည်း ရှိနေပါတယ်။ ဒီလူတွေကြားက အရှုပ်အထွေးတွေအပြင် လေဆိပ်လော့ကာတစ်ခုထဲက အိတ်တစ်လုံးကို ဘယ်သူလာယူမလဲဆိုပြီး ရဲတွေကလည်း အချိန်ပြည့် စောင့်ကြည့်နေကြတယ်။ ၁၉၉၅ ခုနှစ်ထွက် အက်ရှင်ဟာသရုပ်ရှင် Get Shorty မှာ ချီလီအဖြစ် John Travolta သရုပ်ဆောင်ထားပါတယ်။ နောက်ဆက်တွဲဖြစ်တဲ့ Be Cool ကိုလည်း သူပဲ ခေါင်းဆောင်ပါဝင်ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း