ဇာတ်ကားများ ရွေးရန်

The Pirates

2014ဇာတ်ကားအမှတ် 7.0/10130 မိနစ်

ဂိုယိုမင်းဆက်ကနေ ဂျိုဆွန်းမင်းဆက်ကို ကူးပြောင်းတဲ့ကာလမှာ ဇာတ်လမ်းစထားပါတယ်။ ၁၃၈၈ ခုနှစ်မှာ စစ်သူကြီးရီဆွန်းဂျဲတို့ဟာ တရုတ်ကို စစ်တိုက်ဖို့ ဝီဟာကျွန်းအထိ ချီတက်လာခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ရီဆွန်းဂျဲက တရုတ်ကို မတိုက်တော့ဘဲ တရုတ်ရဲ့သြဇာကို ခံယူပြီး ဂိုယိုဘုရင်ကို ပြန်ပုန်ကန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် စစ်သူကြီးတွေ သဘောကွဲကြရာက အချင်းချင်း ရန်ဖြစ်သတ်ဖြတ်တဲ့အထိ ဖြစ်လာတယ်။ အများစုက ပုန်ကန်ဖို့ သဘောတူကြပေမယ့် ဘုရင်ကို သစ္စာမဖောက်ချင်တဲ့ စစ်သူကြီးတစ်ယောက်ကတော့ တောပုန်းဓားပြဘဝကို ရောက်သွားရပါတယ်။ ပင်လယ်ထဲမှာလည်း ဘယ်ဘုရင်ရဲ့သြဇာကိုမှ မခံတဲ့ ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့ ရှိနေတယ်။ ရီဆွန်းဂျဲက ဘုရင်ကို ဖြုတ်ချပြီးနောက် တရုတ်ဘက်က တိုင်းပြည်သစ်အတွက် ဂျိုဆွန်းဆိုတဲ့နာမည်နဲ့ တော်ဝင်တံဆိပ်တုံးကို ပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်း နှစ်စဉ် အပျိုတော် ၅၀၀ ဆက်သဖို့ တောင်းဆိုထားတယ်။ တံဆိပ်တုံးကို သင်္ဘောနဲ့ ပြန်သယ်လာကြရင်း လမ်းမှာတွေ့တဲ့ ဝေလငါးလေးကို ပစ်ဖမ်းမိရာက ဝေလငါးအမေကြီးရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောပျက်သွားပါတယ်။ အလံပါတဲ့ ရွက်တိုင်က ဝေလငါးရဲ့ကျောမှာ စိုက်ကျန်ခဲ့သလို တော်ဝင်တံဆိပ်တုံးကိုလည်း ဝေလငါးက မျိုချသွားတော့တယ်။ ပျောက်သွားတဲ့ တံဆိပ်တုံးကို ပြန်ရဖို့ ဘုရင့်တပ်ဖွဲ့တွေ၊ ပင်လယ်ဓားပြတွေနဲ့ တောပုန်းဓားပြတွေဟာ ဝေလငါးနောက်ကို လိုက်ရှာကြပါတော့တယ်။ ပင်လယ်ဓားပြကနေ တောပုန်းဓားပြဖြစ်လာတဲ့ ချွဲဘုန်းလည်း ပါဝင်ပြီး အက်ရှင်နဲ့ စွန့်စားခန်းတွေကြားမှာ အတည်ပေါက်နဲ့ ဖြစ်သွားတဲ့ ဟာသတွေကို ထည့်ထားပါတယ်။ ဆွန်ရင်ဂျီရဲ့ အက်ရှင်သရုပ်ဆောင်မှု၊ ချွဲဘုန်းအဖြစ် ရိုဟီဂျင်းရဲ့ ဇာတ်ပို့မှုနဲ့အတူ ပင်လယ်ပြင်ရိုက်ကွင်းတွေကိုလည်း တွေ့ရမှာပါ။ ချွဲဘုန်းကို ပြောလိုက်တဲ့ “တောပုန်းဓားပြပဲလုပ်လုပ် ပင်လယ်ဓားပြပဲလုပ်လုပ် သူခိုးဓားပြကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ” ဆိုတဲ့စကားကတော့ ဟာသတစ်ခုလို ကြားရပေမယ့် တွေးစရာရှိပါတယ်။ လူတွေ အားကိုးရတဲ့ ဘုရင်နဲ့ စစ်သူကြီးလို နေရာမျိုးမှာတောင် ကောင်းကောင်းမလုပ်ကြရင် ပြည်သူတွေ ဒုက္ခရနိုင်တာမို့ ဘယ်ဘဝကို ရောက်နေပါစေ အများအကျိုးပြုတဲ့သူ ဖြစ်ဖို့ကြိုးစားသင့်တယ်ဆိုတဲ့ အတွေးမျိုးပါ။

ဇာတ်လမ်းအကြောင်း