ဇာတ်ကားများ ရွေးရန်

The Secret Life of Walter Mitty

2013ဇာတ်ကားအမှတ် 7.2/10114 မိနစ်

ဝေါ်လ်တာမစ်တီဟာ အသက် ၄၁ နှစ်အရွယ် လခစားဝန်ထမ်းတစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက ဖခင်ကွယ်လွန်ခဲ့လို့ အမေအိုနဲ့ ညီမအတွက် အစ်ကိုကြီးအဖအရာ တာဝန်ယူပြီး ရုန်းကန်လာခဲ့ရတယ်။ မချမ်းသာပေမယ့် ရတဲ့ငွေကို စနစ်တကျသုံးရင်း အလုပ်သွား၊ အလုပ်ပြန်နဲ့ ရိုးရိုးအေးအေး နေလာခဲ့သူပါ။ ငယ်စဉ်က စိတ်ကူးယဉ်ခဲ့တဲ့ အိပ်မက်တွေနဲ့ စွန့်စားချင်စိတ်တွေကလည်း နေ့စဉ်ဘဝထဲမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပါတယ်။ သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနမှာ နဂ္ဂတစ်ဖလင်တွေ သိမ်းဆည်းတဲ့ဌာနကို စီမံခန့်ခွဲနေရသူပါ။ မဂ္ဂဇင်းမှာသုံးမယ့် ဓာတ်ပုံတွေက သူ့ဌာနက ဖလင်တွေကို ဓာတ်ပုံအဖြစ် ပြောင်းပြီးမှ အသုံးပြုရတာဖြစ်ပါတယ်။ သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း လွန်ခဲ့တဲ့ တစ်လလောက်ကမှ Life မဂ္ဂဇင်းမှာ အလုပ်ဝင်လာတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ မွေးနေ့ရောက်လာတော့ ဝေါ်လ်တာအတွက် သတင်းကောင်းတွေ ရောက်မလာခဲ့ဘူး။ အခုတစ်ကြိမ်ဟာ မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်ဝေမှုဖြစ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဝန်ထမ်းတွေအားလုံး အံ့အားသင့်သွားကြတယ်။ အဲဒီကြားထဲ သူ့ဌာနမှာလည်း အရေးကြီးတဲ့ ပြဿနာတစ်ခု ပေါ်လာပါတယ်။ တစ်ကိုယ်တော် စွန့်စားခရီးထွက်ရင်း ဓာတ်ပုံရိုက်လေ့ရှိတဲ့ ရှောင်အိုကွန်နယ်က ဖလင် ၂၅ ကွက်နဲ့အတူ ဝေါ်လ်တာအတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်တစ်လုံး ပို့လိုက်တယ်။ ဒါပေမယ့် ပို့လာတဲ့ဖလင်တွေထဲမှာ နံပါတ် ၂၅ က ပါမလာဘူး။ အခက်တွေ့စရာက နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအတွက် အဲဒီဖလင်နံပါတ် ၂၅ ကိုပဲ သုံးဖို့ ရှောင်က မှာထားတာပါ။ ဝေါ်လ်တာအနေနဲ့ ရှောင့်ကို အမြန်ဆုံး ဆက်သွယ်မေးမြန်းဖို့ လိုလာပေမယ့် ဒီဓာတ်ပုံဆရာက မိုဘိုင်းဖုန်း၊ အီးမေးလ်နဲ့ လူမှုကွန်ရက်အကောင့် ဘာတစ်ခုမှ မသုံးဘူး။ မရှိမဖြစ်လိုနေတဲ့ ဖလင်ကို ရဖို့ ဘယ်ကနေစပြီး ရှောင့်ကို ရှာရမလဲဆိုတဲ့ ပြဿနာနဲ့ ဝေါ်လ်တာ ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားကို Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားပါတယ်။ ဟာသစာရေးဆရာနဲ့ ကာတွန်းဆရာ James Thurber ရဲ့ ၁၉၃၉ ခုနှစ်က နာမည်ကြီးဝတ္ထုတို The Secret Life of Walter Mitty ကို အခြေခံထားပြီး ဒီဝတ္ထုကို ၁၉၄၇ ခုနှစ်မှာလည်း အမည်တူရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ နေ့စဉ်ရုန်းကန်နေထိုင်ရတဲ့ဘဝ၊ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ အရေးပါမှု၊ သဘာဝအလှနဲ့ စိတ်ဓာတ်ခွန်အားတို့ကို ပြန်စဉ်းစားမိစေတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း