၁၉၄၂ ခုနှစ်ကစပြီး ပင်ဘောကစားနည်းကို ရာဇဝတ်အဖွဲ့အစည်းတွေ ချုပ်ကိုင်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်မြို့အများအပြားမှာ ပိတ်ပင်ခဲ့ကြပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေမှာတော့ နှုတ်ခမ်းမွှေးကားကားနဲ့ Roger Sharpe ဆိုတဲ့လူတစ်ယောက်ဟာ စာရေးဆရာဖြစ်ချင်လို့ နယူးယောက်ကို ရောက်လာတယ်။ မဂ္ဂဇင်းတိုက်တစ်ခုမှာ အလုပ်ရပြီး Ellen နဲ့လည်း ချစ်သူတွေဖြစ်လာတဲ့အတွက် သူ့ဘဝက အဆင်ပြေနေပါတယ်။ ဒါပေမယ့် သူ့အတွက် တစ်ခုတည်းသော စိတ်ထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကို ပိတ်ပင်ထားမှန်း သိသွားတဲ့အခါ ဒီအတိုင်း လက်မခံနိုင်တော့ဘူး။ Roger ဟာ စာရေးဆရာတစ်ယောက်အနေနဲ့ ကြိုးစားသလို Music and Amusement Association (MAA) နဲ့လည်း ပူးပေါင်းပြီး ပင်ဘောကို တရားဝင် ပြန်ကစားနိုင်ဖို့ လုပ်ဆောင်လာပါတယ်။ သူ့ဘဝဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားမှာ ပင်ဘောကို ပိတ်ပင်ခဲ့တဲ့ မြို့တွေရဲ့ ဥပဒေတွေ၊ စတင်တီထွင်ချိန်ကနေ နောက်ပိုင်းအထိ ကစားနည်း ပြောင်းလဲလာပုံတွေနဲ့ Roger၊ Ellen တို့ အတူဖြတ်သန်းခဲ့ပုံကို တွဲပြထားတယ်။ လက်ရှိအချိန်က Roger ပြန်ပြောပြတဲ့ပုံစံနဲ့ ၁၉၇၀ ပြည့်နှစ်တွေက သူ့ဘဝကို အလှည့်ကျတင်ဆက်ရင်း ဟာသလည်း ရောထားပါတယ်။ ဒါရိုက်တာညီအစ်ကို Austin နဲ့ Meredith Bragg တို့ ရိုက်ကူးထားပြီး ငယ်ရွယ်တဲ့ Roger အဖြစ် Mike Faist၊ အသက်ကြီးလာတဲ့ Roger အဖြစ် Dennis Boutsikaris တို့ သရုပ်ဆောင်ထားပါတယ်။ Ellen အဖြစ်တော့ Crystal Reed ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်